အောင်လအန်ဆန်ကို ONE: A NEW ERA ပြိုင်ပွဲကြီးတွင် အကြံ့ခိုင်ဆုံးအနေအထားဖြစ်စေသော အကြောင်းရင်း (၅) ချက်

aung-la_2.jpg

မြန်မာ့စပါးအုံးမြွေဟု တင်စားခံထားရသည့် အောင်လအန်ဆန်သည် မတ်လ(၃၁)ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပမည့် ONE: A NEW ERA ပွဲစဉ်တွင် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ဂျပန်ကစားသမား Ken Hasegawa နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် ONE CHAMPIONSHIP သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာမည်ဟု ညွှန်းဆိုထားပြီး ကမ္ဘာ့ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့် ပွဲစဉ် ၄ ပွဲ ပါဝင်နေသည်။ ထိုကဲ့သို့ ကမ္ဘာ့ချန်ပီယံဆုအဆုံးအဖြတ် ၄ ပွဲ ပါဝင်ခြင်းမှာ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လအတွင်း ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည့်ပွဲသည် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးပွဲစဉ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံမှုအတွက်လည်း အောင်လအန်ဆန်သည် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားသည်။ ပရိသတ်များကလည်း ၎င်းတို့နှစ်ယောက် ဒုတိယအကြိမ်တွေ့ဆုံမှုတွင် မည်သို့ယှဉ်ပြိုင်ကြမည်ကို စိတ်ဝင်တစားရှိနေကြသည်။

ပထမအကြိမ်တွေ့ဆုံမှုတွင် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် မြန်မာ့ကစားသမား အောင်လသည် ဒုတိယအကြိမ်ပြန်လည်ဆုံတွေ့ရမည့်ပွဲတွင်လည်း ပထမပွဲကထက် ပိုကောင်းသည့်စွမ်းဆောင်ရည်ကို ပြသရန်ရည်မှန်းထားသည်။ ONE မစ်ဒယ်ဝိတ်ကမ္ဘာချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် မမေ့နိုင်စရာစွမ်းဆောင်မှုဖြင့် နောက်ထပ်ရသမြောက်သည့်ပွဲစဉ်တစ်ပွဲဖြစ်လာစေရန် ပရိသတ်များမျှော်လင့်နိုင်သည့် အကြောင်းပြချက် (၅) ခုရှိနေသည်။

(၁) အတွေ့အကြုံရင့် ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ခြင်း
၂၀၁၈ ဇွန်လတွင် အောင်လအန်ဆန်သည် Ken Hasegawa နှင့် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ပထမဆုံးအကြိမ်ကာကွယ်ပွဲယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲတွင် မြန်မာ့စပါးအုံးမြွေ အောင်လသည် မာကျောကြံ့ခိုင်လှသည့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား Hasegawa ကို (၅) ချီမြောက်တွင်အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်း၌ ထိပ်ဆုံးကစားသမားစွမ်းရည်ကို ပြသခဲ့သည်။

သို့သော်လည်း ထိုပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်လွန်းခဲ့ပြီး ၎င်း၏ ကမ္ဘာ့ချန်ပီယံဟူသည့်ဂုဏ်ပုဒ်ကို ကာကွယ်ရုံမျှထက် ပိုမိုကြီးကျယ်သည်။ ကိုယ်ခံပညာရပ်ပေါင်းစုံသိုင်းပညာရပ်လောကတွင် လက်ရှိချန်ပီယံခါးပတ်ကို ကာကွယ်ရသည်က နောက်ထပ်ခါးပတ်တစ်ခုရယူသည်ထက် ပိုမိုခက်ခဲသည်ဟု ပြောလေ့ရှိကြသည်။ ချန်ပီယံဆုကိုကာကွယ်နိုင်မှသာ စစ်မှန်သည့် ကမ္ဘာ့ချန်ပီယံတစ်ယောက်၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်မည်ဖြစ်သည်။

၂၀၁၈ အောက်တိုဘာကပြုလုပ်သည့် မစ်ဒယ်ဝိတ်ချန်ပီယံဆုအတွက် ဒုတိယအကြိမ် ခါးပတ်ကာကွယ်ပွဲတွင် စိန်ခေါ်သူ Mohamed Karaki ကို ပထမအချီမှာပင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်ကတော့ ရင့်ကျက်သည့်လူတစ်ယောက်အနေဖြင့် ယုံကြည်မှုအပြည့်ရှိနေသည်။ ONE:PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်က ၎င်းကိုစိန်ခေါ်လာသူ Mohamed “O Lutador” Karaki အား အမြန်ဆုံးပွဲသိမ်းပေးနိုင်ခဲ့သည်။

(၂) လေ့ကျင့်ရေးစခန်းအသစ်နှင့် တိုးတက်လာသောစွမ်းရည်များ
၂၀၁၈ တွင် အောင်လသည် လေ့ကျင့်ရေးကလပ်ကို ‌ပြောင်းလဲခဲ့ပြီး မေရီလန်းမှ ဖလော်ရီဒါရှိ Hard Knocks 365 Gym နှင့် ချိတ်ဆက်ခဲ့သည်။ Fort Lauderdale မြို့ရှိ အဆိုပါလေ့ကျင့်ရေးခန်းမကို ကမ္ဘာကျော်ထိပ်တန်း နည်းပြ Henri Hooft က ဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကမ္ဘာအဆင့် ကိုယ်ခံပည သိုင်းပေါင်းစုံ ကစားသမားများ၊ Kickboxing ကစားသမားများ၏ ကျွမ်းကျင်မှုကို ပိုကောင်းသထက် ကောင်းလာစေရန် ကူညီပေးနေသည်။

မြန်မာ့စပါးအုံးမြွေ အောင်လအောင်ဆန်သည် လေ့ကျင့်ရေးကလပ်ပြောင်းလိုက်ပြီးနောက် ၎င်း၏ စွမ်းဆောင်ရည်များ သိသာစွာတိုးတက်လာခဲ့ပြီး တိုက်စစ်စွမ်းရည်၊ ခွန်အား အစစအရာရာ တိုးတက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း (၃) ပွဲအနိုင်ရထားသော မြန်မာ့ဂုဏ်ဆောင် ကစားသမားသည် ပရိသတ်များကို အကောင်းဆုံးအရာများ ဆက်လက်ကြိုးစားပေးမည်ဟု ဆိုထားသည်။

“နောက်လာမယ့်ပွဲတွေအတွက် အရမ်းကောင်းတဲ့နည်းပြတွေနဲ့ လေ့ကျင့်ခွင့်ရခဲ့တယ်။ Kami Barzinie နဲ့ Greg Jones တို့က နပမ်းလောကမှာ ကျော်ကြားတဲ့ကစားသမားတွေဖြစ်သလို Mario Sperry ကတော့ ဂျူဂျစ်ဆုမှာ ဆရာတစ်ဆူပါ။ Luke Rockhold ကတော့ လက်ဝှေ့လေ့ကျင့်ဘက်ပါ။ ခင်ဗျား သူတို့လောက်ကောင်းတဲ့ နည်းပြတွေ ဆရာတွေ မရနိုင်ဘူး ” ဟု ၎င်း၏ နည်းပြများအကြောင်းကို အောင်လအန်ဆန်က ပြောပြသည်။

(၃) Ken Hasegawa အကြောင်း သိရှိထားခြင်း
ONE Championship သို့ စတင်ရောက်ရှိလာအပြီးမှာပင် Ken Hasegawa သည် အောင်လအန်ဆန်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ DEEP Openweight ကမ္ဘာ့ချန်ပီယံ Ken Hasegawa သည် ပထမအကြိမ်တွေ့ဆုံမှုမှာပင် အောင်လအန်ဆန်အတွက် ယှဉ်ပြိုင်ရခက်သည့်ပြိုင်ဘက်တစ်ဦးဆိုသည်ကို ပြသခဲ့သည်။

သို့သော်လည်း ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ၎င်း၏အတွေ့အကြုံရင့်ကျက်မှုကြောင့် ကြိုးဝိုင်းအတွင်း ဖြစ်လာနိုင်သမျှကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိနေသည်။ သို့သော်လည်း မကျေပွဲတွင် Ken Hasegawa က တိုးတက်မှုများဖြင့် ပြန်လာလိမ့်မည်ဟု ၎င်းမျှော်လင့်ထားသည်။ ပြိုင်ဘက်နှင့်ပတ်သက်၍ သတင်းအချက်အလက်ပေါင်းစုံရနေသော်လည်း မြန်မာ့စပါးအုံးမြွေအောင်လကမူ ဒုတိယအကြိမ်တွေ့ဆုံမှုတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

(၄) ဖိအား မရှိခြင်း
မြန်မာနိုင်ငံ၏အကျော်ကြားဆုံးအားကစားသမားတစ်ဦးဖြစ်သူ အောင်လအန်ဆန်သည် ၎င်း၏ ပွဲစဉ်များအား မြို့တော်ရန်ကုန်ရှိ ဧရာမပရိသတ်များရှေ့တွင် ယှဉ်ပြိုင်လေ့ရှိသည်။ လက်မှတ်များမှာ တစ်ခဏအတွင်းရောင်းကုန်သွားတတ်ပြီး သုဝဏ္ဏမိုးလုံလေလုံးအားကစားကွင်းအပြည့် အားပေးကြသည်ချည်းဖြစ်သည်။

သို့သော် ကြီးမားများပြားလှသည့် အားပေးထောက်ခံမှုများက မျှော်လင့်ချက်များ၊ ဖိအားများနှင့် တာဝန်ယူမှုများအား ခေါ်ဆောင်လာတတ်စမြဲပင်။ မြန်မာ့စပါးအုံးမြွေ အောင်လကတော့ ယှဉ်ပြိုင်သည့်ပွဲတိုင်း ၎င်း၏ အရည်အချင်းမြင့်တက်လာသည်ဆိုသည်ကို ပြသစမြဲဖြစ်သည်။ မွေးရပ်မြေတွင် ယှဉ်ပြိုင်ရသည့်အခါတိုင်း ရရှိလာသော ဖိအားများ၊ ဝန်ထုပ်ငန်ပိုးများအား လျစ်လျူရှု၍ မဖြစ်နိုင်ပေ။

ယခုပွဲကို တိုကျိုတွင်ကျင်းပမည်ဖြစ်သော်လည်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲဖြစ်နေသောကြောင့် ဖိအားကတော့ ထုံးစံအတိုင်းရှိနေပေသည်။ သို့သော်လည်း အောင်လအန်ဆန်း အနေဖြင့် ယခင်အကြိမ်များကလိုမဟုတ်ဘဲ ပွဲမတိုင်ခင် အေးအေးဆေးဆေးလေ့ကျင့်ပြင်ဆင်နိုင်ခြင်း၊ လမ်းမများပေါ်တွင် စုပြုံတိုးဝှေ့နေမည့်ပရိသတ်များမရှိခြင်း၊ မျှော်လင့်ချက်နှင့်ဖိအားများ သိသိသာသာ လျော့ပါးနေခြင်းများ ရရှိနေပေသည်။

(၅) ပထမပွဲစွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိခြင်း
ONE Championship သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲတစ်ပွဲဖြစ်သည့် Hasegawa နှင့် ပထမအကြိမ်တွေ့ဆုံမှုတွင် အနိုင်ရခဲ့၍ ဝမ်းသာမိသော်လည်း စွမ်းဆောင်ရည်နှင့်ပတ်သက်၍မူ စိတ်တိုင်းမကျခဲ့ကြောင်း အောင်လအန်ဆန်က ဆိုသည်။ (၅) ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သော်လည်း ဒီထက်ပိုမိုတိုးတက်ကောင်းမွန်ရန်လိုအပ်နေသေးသည်ဟု ၎င်း သတိပြုမိသည်။

” ၁၀၀ ရာခိုင်နှုန်းအပြည့် ကျေနပ်မှုရှိတယ်လို့ မခံစားမိပါဘူး။ ဒါဟာ လေယာဉ်စီးချိန်ကြာတာကြောင့် ကိုယ်လက်မအီမသာဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ရတဲ့ပြိုင်ပွဲတစ်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် စိတ်တိုင်းကျတယ်ဆိုတာကတော့ရှားပါတယ်။ နှေးကွေးလေးလံခဲ့တယ်လို့ ကျွန်တော်ခံစားမိခဲ့တယ် ” ဟု ပထမတစ်ကြိမ်တွေ့ဆုံစဉ်ကအဖြစ်ကို ပြန်ပြောင်းပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top