အောင်လအန်ဆန်နှင့် Brandon Vera တို့တွဲဆိုင်းအပေါ် ONE စူပါစတား များ၏သုံးသပ်မှု

Aung-La-N-Sang-VID_3413-1200x800.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၎င်းတို့၏ ပြိုင်ပွဲ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမိုင်းတစ်လျှောက် တစ်ခါမှမရှိဖူးသည့် တွဲဆိုင်း ၂၂ ဆိုင်းပါဝင်သော ONE: CENTURY ပြိုင်ပွဲအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ တွဲဆိုင်းများပြားလွန်းသောကြောင့် တစ်ချိန်တည်းကျင်းပရန်မဖြစ်နိုင်ရာ တွဲဆိုင်း ၁၁ ဆိုင်းစီအား ONE: CENTURY PART-1 နှင့် ONE: CENTURY PART-2 ဟူ၍ နှစ်ပိုင်းခွဲကာ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ညနေပိုင်းကျင်းပမည့် PART-2 ၏ အဓိကတွဲဆိုင်းမှာ ONE ဝိတ်တန်းနှစ်ခုချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နှင့် ONE ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်-အမေရိကန်အားကစားသမား Brandon “The Truth” Vera တို့ တွဲဆိုင်းဖြစ်သည်။ ONE မစ်ဒယ်ဝိတ် တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် Vera က စိန်ခေါ်ထိုး သတ်ခြင်းလည်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏တွဲဆိုင်းမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံးနှင့် ပြိုင်ဆိုင်မှုအပြင်းထန် ဆုံးတွဲဆိုင်းဖြစ်လာမည်ဟု သုံးသပ်ခံထားရသည်။ ဝိတ်တန်းကြီးသလို နှစ်ဦးစလုံးက အကောင်းဆုံးပွဲသိမ်းတိုက်ကွက်များ ပိုင်ဆိုင်ထား သောကြောင့် မည်သူအနိုင်ရမည်ဆိုသည်ကို တပ်အပ်ပြောရန် မဖြစ်နိုင်ပါ။ သာမန်ပရိသတ်များ မဆိုထားနှင့် ပြိုင်ပွဲများယှဉ်ပြိုင်လျက်ရှိသော ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများကြားတွင်ပင် အနိုင်ရ မည့်သူကို ခန့်မှန်းရာ၌ အမြင်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးဖြစ်ကာ ကွဲပြားလျက်ရှိသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် တဖြည်းဖြည်းနီးကပ်လာချိန် တွင် အောင်လအန်ဆန်နှင့် Vera တို့တွဲဆိုင်းအပေါ် ၎င်းတို့၏ရှုမြင်ပုံကို ပြောကြားလာသော ထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများ ထွက်ပေါ်လာသည်။
ထို့ကြောင့် အဆိုပါအားကစားသမားများအနက် ၄ ဦး၏အမြင်များကို ဖော်ပြလိုက်ပါသည်။

Martin Nguyen (ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ)

ONE Championship ၏ ကမ္ဘာ့ချန်ပီယံများထဲတွင် ဗီယက်နမ်-သြစတြေးလျအားကစားသမား Martin “The Situ-Asian” Nguyen လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းသည် Hard Knocks 365 အသင်းသား အောင်လအန်ဆန်နှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးရှိ ပြီး ညီအစ်ကိုအရင်းလို ချစ်ခင်ကြသူများဖြစ်သည်။၎င်းက အောင်လအန်ဆန်နှင့် Vera တို့နှစ်ဦးစလုံး၏ ခြေကန်ချက်များမှာ အလွန်တရာပြင်းထန်အားပါပြီး ပြိုင်ဘက်များအား လဲပြိုနိုင်စွမ်း ရှိသည်ဟု သုံးသပ်သည်။ သို့သော်လည်း အောင်လအန်ဆန်က တိုက်စစ်ဖွင့်ယှဉ်ပြိုင်တတ်သူဖြစ်ပြီး Vera ကမူ တိုက်စစ်ဖွင့်ဖို့ထက် တန်ပြန်တိုက်စစ်ဗျူဟာကိုသာ အသုံးပြုတတ်သည်ဟု Nguyen က ဆိုသည်။နှစ်ဦးစလုံးမှာ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သူများဖြစ်သလို မြန်မာအားကစားသမားနှင့်အတူလေ့ကျင့်ဖူးသော Nguyen က အောင်လ အန်ဆန်၏ လက်သီးထိုးချက်နှင့် ခြေကန်ချက်များကြောင့် ပခုံးများစုတ်ပြဲကာ ထိခိုက်ဒဏ်ရာများပင်ရခဲ့ဖူးသည်ဟု ဖွင့်ဟသည်။ ထို့အ ပြင် အောင်လအန်ဆန်မှာ အောင်မြင်မှုဆာလောင်သလို စိတ်ဓာတ်ကြံ့ခိုင်ကာ ယခုပွဲအတွက် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သောကြောင့် မီး ရထားတစ်စီးလို ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းသွားလိမ့်မည်ဟု ၎င်းက သုံးသပ်သည်။Vera နှင့်ပါ ရင်းနှီးသောဆက်ဆံရေးရှိသည့် Nguyen က အောင်လအန်ဆန်အနေဖြင့် လက်သီးထိုးချက်များကို အဆက်မပြတ်အသုံးချ ကာ Alliance Training Center အသင်းသားကို ထိခိုက်နာကျင်စေလိမ့်မည်ဟု ဆိုသည်။ နောက်ဆုံးအနေဖြင့် ONE: CENTURY PART-2 ၏ အဓိကတွဲဆိုင်းတွင် “မြန်မာ့စပါးအုံး” က Vera ကို ဒိုင်ပွဲရပ်အနိုင်ယူသွားလိမ့်မည်ဟု သုံးသပ်သည်။

Danny Kingad

နံနက်ပိုင်းကျင်းပမည့် ONE: CENTURY PART-1 တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအနက် ဖိလစ်ပိုင်အားကစားသမား Danny “The King” Kingad မှာ ONE ဖလိုင်းဝိတ်တန်း ဂရင်းပရီဗိုလ်လုပွဲတွဲဆိုင်းအဖြစ် အမေရိကန်အားကစားသမား Demetrious “Mighty Mouse” Johnson နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Kingad က အောင်လအန်ဆန်နှင့် Vera တို့နှစ်ဦးစလုံးမှာ တိုက်စစ်ဖွင့်ယှဉ် ပြိုင်တတ်သူများဖြစ်ပြီး Vera က လူကောင်ပိုကြီးသည်ဟု ၎င်း၏အမြင်ကို ပြောသည်။ပွဲအနိုင်အရှုံးကိုသုံးသပ်ရန် ခက်ခဲသော်လည်း ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သော Vera က ပြိုင်ဘက်များအား လက်သီးထိုးချက်များဖြင့် ပြိုလဲနိုင်စွမ်းရှိသလို ကြီးမားသောခွန်အားက ပြိုင်ဘက်များကို အကြီးအကျယ် ဒုက္ခပေးလေ့ရှိသည်ဟု ၎င်းက ဖွင့်ဟသည်။ ထို့အပြင် ဖိလစ်ပိုင်သားအချင်းချင်း ဖြစ်နေခြင်းကလည်း ခိုင်မာသည့်သံယောဇဉ်ကြိုးတစ်ချောင်းလိုဖြစ်နေသောကြောင့် Vera ကိုသာ အားပေး သွားမည်ဟု Kingad က ဝန်ခံသည်။Vera အနေဖြင့် အောင်လအန်ဆန်ကို အလဲထိုးအနိုင်ယူကာ ၎င်းရည်မှန်းထားသော ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ရယူနိုင်မည့် စိတ် ကူး အိပ်မက်ကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု Kingad က သုံးသပ်သည်။

Amir Khan

စင်ကာပူနိုင်ငံကိုယ်စားပြုကာ ONE လိုက်ဝိတ်တန်းတွင် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နေသော Amir Khan က လိုက်ဟဲဗီးဝိတ်တန်းတွဲ ဆိုင်း၌ မည်သူအနိုင်ရမည်ဆိုသည်ကိုခန့်မှန်းရန်မှာ အလွန်ခက်ခဲသော်လည်း Vera ထက်စာလျှင် အောင်လအန်ဆန်က ပိုကောင်းသည့် ဖိုက်တာတစ်ယောက်ဟု သုံးသပ်သည်။ “မြန်မာ့စပါးအုံး” မှာ တက်တက်ကြွကြွရှိလွန်းသူဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း လေ့ကျင့်မှု များကို မနားတမ်းပြုလုပ်နေသည်ကို တွေ့နေရသည်ဟု Amir Khan က ပြောသည်။Amir Khan က ၎င်းမှာ အောင်လအန်ဆန်၏ ပရိသတ်တစ်ယောက်ဖြစ်သော်လည်း မြန်မာအားကစားသမား ယှဉ်ပြိုင်ထားသမျှပြိုင်ပွဲများ အား ဗီဒီယိုမှတစ်ဆင့် မည်သည့်အခါကမှ မကြည့်ဖူးသောကြောင့် Vera နှင့်ယှဉ်ပြိုင်သည့်အခါ မည်သို့စွမ်းဆောင်ပြနိုင်မလဲဆိုသည်ကို မခန့်မျန်းနိုင်ဟု ဝန်ခံသည်။ သို့သော် မြန်မာအားကစားသမား အသာစီးမှယှဉ်ပြိုင်နိုင်မည်ဟု ခံစားမိသလို တတိယအချီ သို့မဟုတ် စတုတ္ထအချီတွင် အနိုင်ရနိုင်သည်ဟု Amir Khan က ဖွင့်ဟသည်။ဘယ်လိုပုံစံဖြင့် အနိုင်ယူမလဲဟုမေးလာပါက ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်နိုင်မည်ဟု ဖြေရလိမ့်မည်ဟု စင်ကာပူအားကစားသမားက ကမ္ဘာ့အသန်မာဆုံးလူသားနှစ်ယောက်၏တွဲဆိုင်းနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသည်။

Kevin Belingon

ONE: CENTURY PART-2 တွင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်အားကစားသမား Bibiano “The Flash” Fernandes ကို စိန်ခေါ်ထိုးသတ်မည့် ဖိလစ်ပိုင်အားကစားသမား Kevin Belingon က လိုက်ဟဲဗီးဝိတ်တန်းတွဲဆိုင်းမှာ အံ့ အားသင့်စရာကောင်းသောတွဲဆိုင်းဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အောင်လအန်ဆန်ရော၊ Vera ပါ အထုံပါရမီပါသော အားက စားသမားများဖြစ်နေခြင်းကြောင့်ဟု ONE ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Belingon က ၎င်း၏အမြင်ကို ပြောပြသည်။ နှစ်ဦးစလုံးမှာ ပါရမီအပြည့်ရှိသည့် ဖိုက်တာကောင်းများဖြစ်သလို အောင်ပွဲရနိုင်မည့် စွမ်းဆောင်ရည်ကောင်းများကို ကိုယ်စီပိုင်ဆိုင်ထား သူများဖြစ်နေသောကြောင့် မည်သူအနိုင်ရမလဲဆိုသည်ကို စောင့်ကြည့်သွားရမည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း ခန္ဓာကိုယ်အရွယ် အစားနှင့် ခြေတံလက်တံပိုရှည်သော Vera အတွက် အားသားမှုများရရှိလာနိုင်သည်ဟု Belingon က ဖွင့်ဟသည်။
ထို့အပြင် Vera မှာ ဖိလစ်ပိုင်အားကစားသမားဖြစ်နေသောကြောင့် ၎င်းကိုသာ အပြည့်အဝ အားပေးထောက်ခံသွားမည်ဟုလည်း Team Lakay အသင်းသားဖြစ်သူ Belingon က သုံးသပ်သည်။
ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်း ယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိကခေါင်တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top