ဒုတိယနေ့
ဒုတိယနေ့မှာတော့ ချယ်ရီတို့အဖွဲ့ကို ဦးရဲ https://cutt.ly/9rrXJS6 ကားက မနက် ၈ နာရီ မိုတယ်မှာ လာကြိုပါတယ်။ Trekking လုပ်ချင်တာကြောင့် ရန်ကုန်မှာတည်းက ဦးရဲ ကိုကြိုချိတ်ထားတာပါ။ မနက်စာကို ဟိုတယ်မှာ မစားပဲ ဦးရဲတို့ စီစဉ်မှုနဲ့ပဲ ကလောဈေးထဲက ရှမ်းစာရောင်းတဲ့ဆိုင်မှာ မနက်စာစားပါတယ်။
Trekking ခရီး
ကလောမြို့ပေါ်ကနေ (၁) နာရီကျော်ကားစီးပြီးတဲ့အချိန်မှာ ကားပေါ်ကဆင်းပြီး Trekking ခရီးစတင်ပါတယ်။ လမ်းလျှောက်ရမှာဖြစ်တဲ့အတွက် ရိုးရိုးခြေညှပ်ဖိနပ်မစီးပါနဲ့လို့ အကြံပေးပါရစေ။ အဝတ်အစားဆိုရင်လည်း ဘောင်းဘီအတိုလေးတွေ အကျီလက်တိုလေးတွေဝတ်တာထက် ဘောင်းဘီအရှည်၊ အကျီလက်ရှည်လေးတွေ ဝတ်တာပိုအဆင်ပြေပါတယ်။ တောလမ်းဖြစ်တဲ့အတွက် အလေ့ကျပေါက်တဲ့ တောအပင်ရိုင်းတွေနဲ့ ထိုးမိပြီး အရေပြားပေါ်မှာ အစင်းရာတွေ အနာတွေဖြစ်မှာဆိုးလို့ပါ။ Trekking လုပ်တဲ့အခါ လမ်းမှာ မောရင်သောက်ဖို့ ရေသန့်တစ်ဗူးမဖြစ်မနေယူသင့်ပါတယ်။ နေပူဒဏ်ကိုမခံနိုင်တဲ့သူတွေအနေနဲ့လည်း ဦးထုပ် (သို့မဟုတ်) ထီး တွေကို ယူဖို့လည်းမမေ့ပါနဲ့။
ပထမပိုင်း Trekking
လမ်းလျှောက်ခရီးစဉ်မှာ ပအိုဝ်းရွာ (၂) ရွာဖြစ်တဲ့ “ဆောင်ဝန်းရွာ” နဲ့ “ပေါကဲရွာ” တွေကိုဖြတ်သွားရတာပါ။ သန့်ရှင်းလတ်ဆတ်တဲ့လေ၊ စိမ်းစိုနေတဲ့ တော၊ တောင်၊ လယ်ကွင်း၊ သစ်ပင်၊ ပန်းပင်တွေကို တွေ့မြင်ရသလို ရွာလမ်းတစ်လျှောက်မှာလည်း ဒေသခံတိုင်းရင်းသားတွေရဲ့ လူနေမှုဘဝပုံစံအမျိုးမျိုး ကို လေ့လာခွင့်ရခဲ့ပါတယ်။ အရိပ်လည်းရ ရှူခင်းလှတဲ့ သစ်ပင်ကြီးတွေနားရောက်ရင် နားလိုက် အလှဓါတ်ပုံတွေရိုက်လိုက်နဲ့ဆိုတော့ လမ်းလျှောက်ခရီးစဉ်က ချယ်ရီအနေနဲ့ ပင်ပန်းတယ်လို့ မခံစားရဘူး။
(၂) နာရီလောက် လမ်းလျှောက်ပြီးတဲ့အခါမှာ ဦးရဲ ရဲ့ Basic Camp ကိုရောက်ပါတယ်။ Camp ကိုရောက်တဲ့အချိန်က နေ့လည် ၂ နာရီရှိပြီးဆိုတော့ ဦးရဲ ကျွေးတဲ့ ရှမ်းဒေသအစားအစာတွေကို စားပြီး ချယ်ရီတို့ ခဏတစ်ဖြုတ်အနားယူကြပါတယ်။
ဒုတိယပိုင်း Trekking
ညနေ (၄) နာရီမှာတော့ Basic Camp ကနေ တိမ်ပင်လယ်ကို ကြည့်ဖို့ ဒုတိယပိုင်း Trekking ခရီးစဉ်ကို စပါတယ်။ ရာသီဥတုကလည်းအေး တောင်ပေါ်မှာလည်း ညအိပ်ရမှာဖြစ်တဲ့အတွက် ခေါင်းစွပ်၊ လက်အိတ်၊ ခြေအိတ်၊ ပဝါတွေ ယူသွားသင့်ပါတယ်။
Basic Camp ကနေ မိနစ် (၃၀) လမ်းလျှောက်ပြီးတဲ့အခါမှာတော့ ချစ်စရာ ရွက်ဖျင်တဲလေးတွေ ထိုးထားတဲ့ “ပတ္တူပေါက်” တောင်ပေါ်ကို ရောက်ပါတယ်။ တောင်ပေါ်က ချမ်းစိမ့်စိမ့်လေးနဲ့ နေလိုကောင်းသလို တောင်စွယ်တောင်တန်းတွေကြားမှာ ပျောက် ကွယ်သွားတဲ့ နေဝင်ဆည်းဆာအလှကို ခံစားရင်း ချယ်ရီတို့အဖွဲ့တော့ sunset ဓါတ်ပုံတွေအများကြီး ရိုက်ခဲ့ပါတယ်။
တောင်ပေါ်မှာအိပ်မယ်
ည (၇) နာရီမှာ ဦးရဲ က ညစာကျွေးပါတယ်။ ရာသီဥတုအေးတော့ မီးပုံလေးဘေးမှာပဲ ညစာစား၊ ကော်ဖီ၊ ရေနွေးချမ်းလေး သောက်ခဲ့တဲ့ ခံစားချက်ကို ချယ်ရီက အခုထိအမှတ်ရနေတုန်းပါပဲ။ မီးပန်းတွေဖောက်လိုက်၊ ကြယ်တွေကြည့်လိုက်၊ ကြယ်တွေနဲ့ဓါတ်ပုံတွေရိုက်လိုက်နဲ့ ချယ်ရီတို့တစ်ဖွဲ့လုံး တစ်ညလုံးနီးပါး မီးပုံလေးဘေးမှာ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။ အလွမ်းဓာတ်ခံရှိတဲ့ သူဆိုရင်တော့ တော်တော်လေးကို လွမ်းလို့၊ ဆွေးလို့၊ ရင်ဖွင့်လို့ ကောင်းတဲ့ နေရာလေးတစ်ခုပါပဲ။
တိမ်ပင်လယ်မနက်ခင်း
အိပ်ယာနိုးလို့ ရွက်ဖျင်တည်းလေးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ တိမ်ပင်လယ်ကြီးကို မျက်စိတစ်ဆုံးမြင်တွေ့ရပါတယ်။ မီးပုံလေးဘေးမှာပဲ ပေါင်မုန့်မီးကင်၊ ကော်ဖီ၊ ရေနွေးချမ်းလေး သောက်ပြီး တိမ်ပင်လယ်အလှကို ကြည့်ခဲ့ရတဲ့ feeling ကို ပြန်ပြောပြဖို့တောင် တော်တော်ခက်ပါတယ်။ တိမ်ပင်လယ်ကြီးရယ်၊ မီးပုံလေးရယ်၊ ကော်ဖီခွက်လေးတွေရယ်နဲ့ ဓါတ်ပုံတွေ ရိုက်ပြီး တောင်ခြေ Basic Camp ကို ပြန်ရမယ့် အချိန်ကတော့ ချယ်ရီအတွက် တိမ်ပင်လယ်ကြီးကို နှုတ်ဆက်ဖို့အခက်အခဲဆုံးအချိန်ပါပဲ။
တတိယနေ့
Basic Camp ကိုရောက်တဲ့အခါ မနက်စာစား၊ ခဏတစ်ဖြုတ်နားပြီး အင်းလေးတစ်ခွင်လည်ပတ်ဖို့ ထွက်ခဲ့ကြပါတယ်။ ကား (၁) နာရီ နီးပါးစီးပြီးတဲ့အချိန်မှာ ညောင်ရွှေမြို့က အင်းလေး လှေဆိပ် ကိုရောက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အင်းလေးကန်
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်က မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ရေကန်ဖြစ်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ အင်းတောကြီး ရေကန်က ပထမအကြီးဆုံး ရေကန် ဖြစ်ပါတယ်။ အင်းလေးကန်က (၄၄.၉) စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ အင်းလေးကန်က ၂၀၁၃ ခုနှစ်မှာ အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခံရပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာတော့ ယူနက်စကို https://en.unesco.org/ က အင်းလေးကန်ကို ကမ္ဘာ့ သက်ရှိနဲ့ သဘာဝဂေဟစနစ် အမွေအနှစ်အဖြစ် (World Network of Biosphere Reserves) https://cutt.ly/6rr9PNr ထည့်သွင်းကြော်ငြာခဲ့ပါတယ်။
ကြာပန်းနဲ့ပြုလုပ်တဲ့ ယက္ကန်းပညာရပ်
အင်းလေးဒေသကိုရောက်ပြီဆိုတာနဲ့ ပထမဦးဆုံး သွားဖြစ်တာက ဒေသထွက် “ကြာပန်း” ကနေထွက်တဲ့ ကြာမျှင်နဲ့ အဝတ်အထည်တွေကို ဘယ်လိုယက်လုပ်လဲဆိုတာကို သွားရောက်လေ့လာကြပါတယ်။ အင်းလေး-ကြာမျှင်နဲ့ ယက်လုပ်တဲ့ “ယက္ကန်းပညာရပ်” ကလည်း မြန်မာ Intangible Cultural Heritage တစ်ခုပါပဲ။ ကြာက အောင်မြင်ခြင်း၊ အေးမြခြင်း၊ မြင့်မြတ်ခြင်း၊ မင်္ဂလာရှိခြင်းစတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။
ရှေးမြန်မာဘုရင်တွေ လက်ထက်တည်းက ကြာပွင့်၊ ကြာဖူး၊ ကြာနွယ်၊ ကြာရိုး၊ ကြာဖတ်စတာတွေကို အလှဆင်မြန်းတဲ့အခါမျိုးတွေမှာ အသုံးပြုခဲ့ကြတာပါ။ ပဒုမ္မာကြာပန်း အမျှင်နဲ့ ယက်လုပ်ထားတဲ့ ကြာသင်္ကန်းကို ဟိုးအရင်လက်ထပ်တွေတည်းက ဒီနေ့အထိ ဗုဒ္ဓဆင်းတုတော်တွေ၊ ရဟန်းသံဃာတွေနဲ့ သီလရှင်ဆရာကြီးတွေကို မြတ်နိုးဖွယ်ရာ လှူဖွယ်ပစ္စည်းတစ်ခုအနေနဲ့ လှူဒါန်းနေကြတုန်းပါပဲ။
အခုနောက်ပိုင်းမှာတော့ ရိုးရာဓလေ့ချစ်မြတ်နိုးသူတွေက ကြာချည်မျှင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်အစား တွေကို အမြတ်တနိုး ဝယ်ယူအသုံးပြုလာကြသလို နိုင်ငံခြားသားခရီးသွားတွေအနေနဲ့လည်း ကြာချည်မျှင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေကို မြန်မာ့ရိုးရာ ထုတ်ကုန်ပစ္စည်းတစ်ခုအနေနဲ့ အမြတ်တနိုးဝယ်ယူ ဝတ်ဆင်လေ့ရှိပါတယ်။
အင်းလေးဖောင်တော်ဦး
နေ့လည်စာကို အင်းလေးဒေသက ရေပေါ်စားသောက်ဆိုင်မှာစားပါတယ်။ အင်းလေးဒေသကို အလည်ရောက်ခဲ့မယ်ဆိုရင်တော့ ဒေသထွက် လတ်ဆတ်တဲ့ ခရီးချဉ်သီး အစိမ်းသုပ် အရသာလေးကို မြည်းစမ်းခဲ့ဖို့ မမေ့ပါနဲ့နော်။ အင်းထဲကိုရောက်ပြီးဆိုတာနဲ့ ခရီးသွားတိုင်း မရောက် ရောက်အောင်သွားတဲ့ “အင်းလေးဖောင်တော်ဦး” ဘုရားကို ချယ်ရီတို့အဖွဲ့လည်း သွားရောက်ဖူးမြော်ခဲ့ပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားက “နမ့်ဟူးရွာ” မှာ တည်ရှိပါတယ်။ အင်းလေးဖောင်တော်ဦး ဘုရား သမိုင်းနဲ့ပတ်သက်ရင် အကြောင်းအရာနှစ်မျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ အများစုလက်ခံထားတဲ့ အစောပိုင်း အင်းလေးဒဏ္ဍာရီပုံပြင်တွေအရ ရုပ်ပွားတော်မြတ်တွေကို (၁၂) ရာစုနှစ်အတွင်းက မြန်မာဘုရင်တစ်ဦးဖြစ်တဲ့ အလောင်းစည်သူမင်းက မာလာယုမှ ယူဆောင်လာခဲ့တာဖြစ်ပါတယ်။ အင်းလေးဖောင်တော်ဦး ဗုဒ္ဓဆင်းတု (၅) ဆူ ဟာ ဘုရားဖူးတွေရဲ့ သဒါ္ဓလွန်ကဲကာ ရွှေချရွှေသင်္ကန်းကပ်တာတွေ များပြားလွန်းတာကြောင့် မူလဆင်းတုတော်တွေရဲ့ ရုပ်သွင်ကို မမှတ်မိနိုင်တော့ဘဲ ရွှေအတိဖုံးလွှမ်းနေပါတယ်။
ဖောင်တော်ဦးစေတီပွဲတော်ကို နှစ်စဉ် အောက်တိုဘာလ(ဝါကျွတ်) ဝါလကင်းလွတ်သီတင်းကျွတ်အချိန်မှာတော့ (၃)ရက်တိုင်တိုင် ကျင်းပလေ့ရှိပါတယ်။ ပွဲတော်မှာ ဗုဒ္ဓဆင်းတု (၄) ဆူကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်ကာ အခြားအင်းလေးဒေသအတွင်း လှည့်လည်အပူဇော်ခံလေ့ရှိပြီး ဆင်းတုတော် တစ်ဆူကိုတော့ မူလစံကျောင်းမှာပဲ ပူဇော်ခံပါတယ်။
အလိုတော်ပေါက်ဘုရား
“အင်းလေးဖောင်တော်ဦးဘုရား” ကနေ လှေစီးရင် မိနစ် (၂၀) လောက်ပဲဝေးတဲ့ အင်းလေးဒေသ “နမ့်ပန်ရွာ” က “အလိုတော်ပေါက်ဘုရား” ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။ “အလိုတော်ပေါက်ဘုရား” က သီရိဓမ္မာသောက မင်းကြီး တည်ထားခဲ့တဲ့ စေတီပေါင်း (၈၄,၀၀၀) ထဲက တစ်ဆူအပါအဝင်ဖြစ်ပါတယ်။
“အလိုပေါက်ဘုရား” ရဲ့ မူလဘွဲ့နာမည်မှာ “အင်းဘုရား” ဖြစ်ပါတယ်။ “အလိုတော်ပေါက်ဘုရား” ကို အနော်ရထာ၊ အလောင်းစည်သူ၊ နရပတိစည်သူ၊ ပုဂံမင်းဆက်စောမွန်နစ် ကစလို့ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါစတဲ့ စော်ဘွား၊ မြို့စား၊ နယ်စား အဆက်ဆက်ပြုပြင်ထိန်းသိမ်းလာခဲ့တာဖြစ်ပါတယ်။ “အလိုတော်ပေါက်ဘုရား” ဘွဲ့နာမည်ကို နရပတိစည်သူမင်းက ပညတ်(သတ်မှတ်) ခဲ့တာဖြစ်တယ်လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။
“အလိုတော်ပေါက်ဘုရား” မှာ ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကြေးဖလား တစ်ခုလည်းရှိပါတယ်။ ကြေးဖလားရဲ့ အတွင်းဘက်မှာ ငါးထောင်ကြယ်ပုံပါရှိပြီး ကြယ်တွေရဲ့ထောင့်တွေမှာ ပွင့်တော်မူပြီးတဲ့ ဘုရားလေးဆူနဲ့ ပွင့်တော်မူလတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရား ရုပ်ပုံတော်တွေကို ထွင်းထုထားပါတယ်။ ဘေးပတ်လည်မှာ ကနုတ်တွေနဲ့ထွင်းထုထားပြီး သစ်သားတုတ်နဲ့ ဖလားနှုတ်ခမ်းကို ပွတ်လိုက်တဲ့အခါကြေးစည်သံထွက်ပြီး အဲ့ဒီလိုဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့လည်း ဒေသခံတွေက ယုံကြည်ကြပါတယ်။
ကလောကိုပြန်သွားမယ်
ပထမနေ့က ဌားထားတဲ့ကားက ချယ်ရီတို့ကို ညောင်ရွှေမြို့ (အင်းထိပ်) မှာလာကြိုပါတယ်။ ရှမ်းအစားအစာ စားလို့မဝသေးတဲ့ ချယ်ရီတို့အဖွဲ့က ညောင်ရွှေမြို့ဈေးဘေးက “ဇင်ယော်”ဆိုတဲ့ ဆိုင်မှာ ဒေသထွက် အစားအစာတွေ ထပ်စားပြီး ညောင်ရွှေဈေးကိုလည်း လျှောက်လည်ခဲ့ပါတယ်။ ညောင်ရွှေဈေးကို လည်လို့ဝတော့ ညောင်ရွှေကနေ ကားနဲ့ ကလောကို ပြန်တက်ခဲ့ကြပါတယ်။
ဘဝသံသရာတံတား
ဟဲဟိုးနဲ့ ကလောက လမ်းမပေါ်မှာရှိတဲ့ “ဘဝသံသရာတံတား” မှာ ခဏနားကြတယ်။ “ဘဝသံသရာတံတား” က ရှမ်းပြည်နယ်(တောင်ပိုင်း) သာစည်-ရွှေညောင်ကြား တံတားပေါင်း (၄၁၇) စင်းထဲက တစ်ခုအပါအဝင်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၁၉၂၇) ခုနှစ်တည်းက တည်ဆောက်ခဲ့တာပါ။ ဒါရိုက်တာ ဆရာကြီး ဦးသုခ ရိုက်ကူးခဲ့တဲ့ “ဘဝသံသရာ” ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဝင်နေရာအဖြစ် ထည့်သွင်းရိုက်ကူးခဲ့လို့ “ဘဝသံသရာတံတား” လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘဝသံသရာ တံတားပေါ်ကို သာစည် နဲ့ ရပ်စောက် ကို အဆန်၊ အစုန် ပြေးဆွဲနေတဲ့ ရထားနှစ်စီးပဲ ခုန်မောင်းနေပါတယ်။
လည်ပတ်လို့ဝပြီး ကလောမြို့ကို ပြန်ရောက်တဲ့အချိန်မှာ ညနေ (၆) နာရီရှိပြီ။ ကလောကနေ ည (၈) နာရီခွဲကားနဲ့ပြန်လာခဲ့ပြီး ရန်ကုန်ကို မနက် (၆) ရောက်ပါတယ်။
ချယ်ရီက အပန်းဖြေလို့လည်းကောင်း လည်ပတ်လို့လည်းကောင်းတဲ့ နေရာတွေအကြောင်းကို ထပ်ပြောပြဦးမှာမို့လို့ ခရီးသွားချစ်သူတွေ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။
Cherry (ရိုးရာလေး)