ပလတ်စတစ်အမှိုက်တွေကို စာသင်ခန်းအဖြစ် အသွင်ပြောင်းလဲခြင်း

yyl-001-15.jpg

ပလတ်စတစ်အမှိုက်တွေ အဆမတန်များပြီး စာသင်ခန်း မလုံလောက်တာက ဆင်းရဲတဲ့နိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေအတွက် ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အာဖရိကတိုက် အနောက်ပိုင်းက စက်ရုံတစ်ခုဟာ ပလတ်စလစ်အမှိုက်တွေ၊ ဖိနပ်အစုတ်အပြတ်တွေ၊ ကားတာယာ အဟောင်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုထားတဲ့ ပလတ်စတစ်အုတ်တွေ ထုတ်လုပ်ပြီး စာသင်ခန်းတွေ တည်ဆောက်ပေးနေပါပြီ။

အိုင်ဗရီကို့စ်နိုင်ငံမှာ ကျောင်းနေခွင့်မရတဲ့ ကလေးငယ် ၁.၆ သန်းရှိပါတယ်။ ကျောင်းနေခွင့်မရတဲ့ အကြောင်းရင်းတစ်ချက်ကတော့ စာသင်ခန်း မလုံလောက်လို့ပါ။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ပလတ်စတစ်အုတ်တွေ အသုံးပြုပြီး စာသင်ခန်း ၂၆ ခန်းအထိ တည်ဆောက်နိုင်ခဲ့ပါတယ်။ ပလတ်စတစ်အုတ်တွေဟာ ရှေးရိုးစဉ်လာ အသုံးပြုတဲ့ အုတ်တွေထက် စျေးပိုသက်သာသလို ပိုပေါ့ပါးပါတယ်။ သာမန်အုတ်တွေသုံးပြီး အုတ်ရိုးစီတဲ့အခါ ဘိလပ်မြေသုံးရပေမဲ့ ပလတ်စတစ်အုတ်တွေကတော့ တစ်လုံးနဲ့တစ်လုံး တေ့ပြီးဆက်လို့ရအောင် ပုံဖော်ထားလို့ တူတစ်လက်ရှိရုံနဲ့ စာသင်ခန်းနံရံတွေ အလွယ်တကူ တည်ဆောက်နိုင်ပါတယ်။

အဲဒီအတွက် ပလတ်စတစ်အုတ်တွေသုံးပြီး စာသင်ခန်း တည်ဆောက်မှုဟာ အုတ်သဲကျောက် အသုံးပြုတာနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ် တစ်ဝက်နီးပါး သက်သာပါတယ်။ ပလတ်စတစ်အုတ်တွေက မီးလောင်ခံနိုင်သလို ရာသီဥတု ပူနွေးချိန်မှာ အအေးဓာတ်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံမှာရှိတဲ့ ပလတ်စတစ်အုတ် ထုတ်လုပ်ရေးစက်ရုံကို ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့(Unicef)နဲ့ ကိုလံဘီယာလူမှုအဖွဲ့အစည်းတစ်ခုက ပူးပေါင်းမတည်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ပလတ်စတစ်အမှိုက် စွန့်ပစ်မှုက တန်ချိန်(၃၂)သန်းရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ သိပ္ပံပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေရဲ့ ဆန်းသစ်တဲ့ တီထွင်မှုနဲ့အတူ ပလတ်စတစ်အမှိုက်တွေကို စာသင်ခန်းအဖြစ် အသွင်ပြောင်းနိုင်တာကတော့ ကျေနပ်ပီတဖြစ်စရာ သတင်းတစ်ပုဒ်ပါပဲ။ ကောင်းမွန်တဲ့ တီထွင်မှုတစ်ခုက လူသန်းပေါင်းများစွာရဲ့ ပစ္စပ္ပုန်နဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။

Ref: BBC & World Economic Forum

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top