ကားလမ်းပေါ်က ပန်းသည်ကောင်လေး

6.7.23-yyl-8.jpg

တစ်ခါတုန်းက ကားလမ်းပေါ် ပန်း လိုက်ရောင်းတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ကားအသွားအလာ ရှုပ်ထွေးတဲ့လမ်းဖြစ်လို့ အန္တရာယ် များပေမဲ့ မိသားစုက ဆင်းရဲတော့ ကျောင်းစရိတ်ရအောင် ပန်းရောင်းရင်း ငွေရှာရတာပါ။

တစ်နေ့တော့ လူကြီးတစ်ယောက်က ကောင်လေးကို ပြောတယ်။ ” ဒီလောက် အန္တရာယ်များတဲ့ လမ်းပေါ်မှာ မင်း ဘာလို့ ပန်းလိုက်ရောင်းနေတာလဲ”တဲ့။ ကောင်လေးက ပညာသင်ချင်လို့၊ ကျောင်းစရိတ်ရှာတာပါလို့ ပြန်ပြောလိုက်တော့ ” မင်း မှားနေပြီကွ။ မင်း ကားတိုက်ခံရရင် ဘယ်လို လုပ်မလဲ။ မင်း သေသွားရင် ပညာသင်လို့ ဘယ်ရတော့မလဲ။ မင်းအသက်က ပညာရေးထက် ပိုအရေးကြီးတယ်ကွ။ ကျောင်းမတက်ဘဲ ထိပ်တန်းရောက်သွားသူတွေ တပုံကြီးပါကွာ။ ပညာရေးဆိုတာ အောင်မြင်မှုရဖို့ အဓိက မကျပါဘူး။ ကိုယ့်အသက်ကို မစွန့်စားစမ်းပါနဲ့ကွာ”လူငယ်လေးလည်း ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတယ်။ လူကြီး ပြောခဲ့တဲ့စကားတွေကို သူ တစ်ရက်ပြီးတစ်ရက် အဖန်ဖန် ပြန်စဥ်းစားရင်း နောက်ဆုံးတော့ ပန်းမရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

နောက် ၁၅ နှစ်အကြာမှာတော့ လူငယ်လေးက တောင်းရမ်းစားသောက်တဲ့ဘဝ ဖြစ်သွားတယ်။ တစ်ရက်တော့ အဘိုးကြီးတစ်ယောက်ကို ” အကြွေလေးများပါရင် စွန့်ကြဲခဲ့ပါ”လို့ တောင်းတော့ အဘိုးကြီးက ဒေါပွသွားတယ်။

” ဘာကွ။ မင်း လုပ်ကိုင်စားသောက်တတ်အောင် ပညာလေး ဘာလေး မသင်ထားဘူးလား”
” ကျွန်တော့်မိဘတွေက ဆင်းရဲတော့ ကျောင်းမထားပါနိုင်ပါဘူး ဆရာ”
” မိဘတွေကို အပြစ်မဖို့စမ်းပါနဲ့ကွာ။ တချို့ကလေးတွေဆိုရင် သူတို့ကျောင်းစရိတ်ရဖို့ သက်စွန့်ဆံဖျားတောင် အလုပ်လုပ်ကြသေးတာ။ ပညာရေး ဘယ်လောက်အရေးကြီးလဲဆိုတာ သူတို့ သိတယ်ကွ။ မင်းက အလေလိုက်နေတာ မလား။ အဲဒါ မင်းအပြစ်ပဲကွ”လို့ အဘိုးကြီးက ပြောလိုက်တယ်။

လူငယ်လေးဟာ အဘိုးကြီးရဲ့ စကားလုံးတွေကြောင့် ခံစားရခက်နေတယ်။ ပြီးတော့ ဒီအဘိုးကြီးက လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့ကို ကားလမ်းပေါ် ပန်းမရောင်းဖို့ ပြောခဲ့တဲ့လူကြီးဖြစ်နေမှန်း သိသွားတယ်။
ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေချိန်မှာ လက်လျှော့လိုက်ဖို့ ပြောတဲ့သူတွေဟာ ကိုယ်ကျရှုံးတဲ့အခါ အပြစ်တင်စကားဆိုကြဦးမှာပါ။ ကိုယ်ဒုက္ခရောက်နေချိန်မှာ ကူညီပေးကြမှာလည်း မဟုတ်ပါဘူး။ ဒီတော့ လူတွေရဲ့စကား နားယောင်ပြီး ကိုယ့်အိပ်မက်တွေကို လက်မလျှော့လိုက်ပါနဲ့။

Ref: Chima_Dickson

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top