ပြည်ပစစ်သည်အားလုံး ဆုတ်ခွာပေးကြဖို့ အီရတ်လွှတ်တော် တောင်းဆို

yyl-077.jpg

အီရန်စစ်ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့အတွက် အမေရိကန်နိုင်ငံအပေါ် ဆန့်ကျင်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ အမေရိကန်နဲ့ တခြားပြည်ပစစ်သည်အားလုံး အီရတ်နိုင်ငံကနေ ဆုတ်ခွာပေးကြဖို့ အီရတ်လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်နိုင်ငံရဲ့ မောင်းသူမဲ့ယာဉ်က အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီနဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆိုလေမာနီအပါအဝင် အနည်းဆုံး လူ(၅)ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် အီရန်အစိုးရဝန်ကြီးတစ်ယောက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ”လူကြီးလူကောင်းပုံစံ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်သမား”လို့ ရှုတ်ချခဲ့ပါတယ်။ ပြည်ပစစ်သည်အားလုံးကို အီရတ်နိုင်ငံကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အီရတ်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အီရတ်နိုင်ငံက အမေရိကန်စစ်သည်တွေကို ဆုတ်ခွာပေးဖို့ တောင်းဆိုလာရင် အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီး အီရတ်နိုင်ငံမှာရှိတဲ့ လေတပ်အခြေစိုက်စခန်း တည်ဆောက်မှု ကုန်ကျစရိတ်ကို အီရတ်အစိုးရက ပြန်ပေးရမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ အီရတ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေက အစိုးရအပေါ် ဥပဒေအရ စည်းနှောင်အားမရှိပေမဲ့ ဒီဆုံးဖြတ်ချက်ကတော့ သတိပြု စောင့်ကြည့်စရာဖြစ်နေပါတယ်။ အစောပိုင်းမှာကလည်း အီရတ်ဝန်ကြီးချုပ် အဗ္ဗဒူမာဒီက ပြည်ပစစ်သည်တွေကို တတ်နိုင်သမျှ အစောဆုံး ဆုတ်ခွာခိုင်းဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အီရတ်အာဏာရှင် ဆက်ဒန်ဟူစိန်ကို ပြုတ်ကျစေခဲ့တဲ့ အမေရိကန်ရဲ့ ကျူးကျော်စစ်ဆင်နွှဲမှုနောက်ပိုင်းကစပြီး အမေရိကန်နဲ့ အီရန်နိုင်ငံက အီရတ်မှာ ခြေကုပ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။ အီရတ်နိုင်ငံမှာ အမေရိကန်စစ်သည် ၅၀၀၀ နီးပါးရှိနေပြီး အများစုကတော့ စစ်ဘက်ဆိုင်ရာအကြံပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှားနေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top