နိုင်ငံတကာနည်းတူဆိုရာဝယ်

yyl-076.jpg

မတ်လအထိ ကျောင်းတက်ရမယ်ဆိုတဲ့ ပညာရေးမူဝါဒက ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ၊ ဆရာ၊ ဆရာမတွေကို တော်တော်လှုပ်ခတ်စေခဲ့ပါတယ်။ ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းကလွဲပြီး တခြားအတန်းတွေကို ဖေဖော်ဝါရီလမှာ အတန်းတင်စာမေးပွဲစစ်ပြီးရင် ကျောင်းပိတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာတော့ မတ်လ(၃၁)ရက်အထိ ကျောင်းဖွင့်ကာလ သတ်မှတ်လိုက်တာပါ။ ဒါဟာ နိုင်ငံတကာနည်းတူ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်ဖို့၊ ကျောင်းသားမိဘတွေ စီးပွားရေးပိုလုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇန်နဝါရီလ(၂)ရက်က နေပြည်တော် အထက(၂)မှာ ပြောခဲ့ပါတယ်။

လက်ရှိသတ်မှတ်ချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ချိန်ကာလက ဇွန်လ(၁)ရက်ကနေ မတ်လ(၃၁)ရက်အထိ (၉)လကြာမြင့်မှာဖြစ်ပြီး ရက်ပေါင်း(၂၇၀)ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံတွေက စာသင်နှစ်ကာလနဲ့ ယှဉ်ကြည့်ရင် ရက်ပေါင်း(၂၇၀)ဆိုတာ တော်တော်များတဲ့ ပမာဏပါ။ အမေရိကန်နိုင်ငံမှာ စာသင်နှစ်တစ်နှစ်က ရက်(၁၈၀)ရှိပြီး ဗြိတိန်နိုင်ငံမှာတော့ ရက်(၁၉၀)ရှိပါတယ်။ ဒါဆိုရင် ဒီနိုင်ငံတွေက စာသင်နှစ်ကာလ တိုတောင်းပြီး စီးပွားရေးမှာ ဘာလို့ ထိပ်တန်းရောက်နေတာလဲဆိုတာ စဉ်းစားစရာပါ။ စာသင်နှစ် ပိုကြာလာရင် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ၊ ဆရာ၊ ဆရာမတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲဆိုတာ စေ့စေ့စပ်စပ် ပိုင်းခြားသင့်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည်တွေ ထိခိုက်မလားဆိုတာ အဖြေရှာဖို့ လိုပါတယ်။ နိုင်ငံတကာမှာတော့ မူဝါဒတစ်ရပ်ကို အပြောင်းအလဲမလုပ်ခင် တိကျရေရာတဲ့ အဖြေရဖို့ သုတေသနတွေ လုပ်ကြပါတယ်။ နိုင်ငံတကာနည်းတူ ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာနည်းတူ စည်းစနစ်ကျဖို့ လိုအပ်တယ်ဆိုတာ အထွေအထူး ပြောနေစရာမရှိပါဘူး။ နိုင်ငံတကာမှာတော့ အောက်ခြေခိုင်ခံ့အောင် အနှစ်နှစ်အလလ သေသေချာချာ တည်ဆောက်ပြီးမှ ပိုကောင်းမွန်တဲ့ မူဝါဒသစ်တွေ ချမှတ်လေ့ရှိပါတယ်။ အောက်ခြေမခိုင်ခံ့ရင်တော့ ဘယ်လိုမူဝါဒဖြစ်ဖြစ် အသုံးတည့်မှာမဟုတ်ပါဘူး။

ပြောင်းလဲလိုက်တဲ့ ပညာရေးမူဝါဒအရ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း အစိုးရစစ်စာမေးပွဲ ကျင်းပနေချိန်မှာ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုရမယ့် အတန်းတွေကို ယာယီပိတ်ထားပြီး အစိုးရစစ် စာမေးပွဲတွေပြီးမှ အဲဒီအတန်းတွေကို ကျောင်းပြန်ဖွင့်မှာပါ။ ကလေးတွေက ကျောင်းပိတ်ရက်ရှည် ရပြီးရင် ကျောင်းပြန်တက်ဖို့ ပျင်းနေတတ်ကြပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရှည်ပြီးရင် နောက်တစ်ခါ ကျောင်းပိတ်ရက်ရှည် လာဦးမယ်ဆိုတော့ မိဘတွေ စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကတော့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ မူဝါဒသစ်ကို ကန့်ကွက်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီမူဝါဒကို မပြင်ဆင်ဘူးဆိုရင် မူလတာဝန်ဖြစ်တဲ့ စာသင်ကြားခြင်းအလုပ်ကလွဲပြီး မဲရုံစောင့်တာ၊ သန်းခေါင်းစာရင်းကောက်တာ အစရှိတဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့အတူ ပူးပေါင်းပါဝင်တော့မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ဆရာ၊ ဆရာမတွေက အခကြေးငွေရမယ့် ကျူရှင်တော့သင်ကြပြီး ကိုယ်လုုပ်ရမယ့်အလုပ်ကျတော့ မလုပ်ချင်လို့ ဒီလိုထုတ်ပြန်တာဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း တစ်နယ်၊ တစ်ကျေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအပေါ် မငဲ့ညာဘူး၊ ရာသီဥတု ပူပြင်းနေချိန်မှာ ကလေးတွေကို ကျောင်းတစ်လ ပိုတက်ခိုင်းရက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အခုလိုကွဲလွဲမှုတွေကို သတ္တုချကြည့်ရင်တော့ မြေပြင်အခြေအနေဖြစ်တဲ့ အရှိတရားနဲ့ ကင်းကွာနေတာလို့ ယူဆရကြောင်း တင်ပြရင်း အဆုံးသတ်ပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top