အသားကင်ညှော်နံ့နဲ့ ဆူညံသံတွေကြောင့် အမျိုးသမီးတစ်ဦးက အိမ်နီးချင်းတွေကို တရားစွဲ

0609201902.jpg

အသားကင်ညှော်နံ့နဲ့ ဆူညံသံတွေကြောင့် အနောက်သြစတြေးလျပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အိမ်နီးချင်းတွေကို တရားစွဲခဲ့ပါတယ်။ အိမ်နီးချင်းတွေရဲ့ အသားကင်ညှော်နံ့၊ ဆေးလိပ်မီးခိုး၊ ကလေးဆူညံသံတွေက လူနေပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပါ့သ်မြို့မှာနေထိုင်သူ ကာဒင်က လျှောက်ထားခဲ့ပါတယ်။

သူ့အိမ်နီးချင်းတွေကို ဒီလိုဆက်မလုပ်အောင် တားမြစ်ပေးဖို့ တရားရုံးမှာ တရားရင်ဆိုင်ခဲ့ပါတယ်။ ကာဒင်ရဲ့တောင်းဆိုမှုတွေထဲမှာ သူ့ဘေးအိမ်က မိသားစုနဲ့ နောက်ထပ်အိမ်နီးချင်းတစ်ဦးကို အိမ်ရှေ့ဆင်ဝင်မီးရောင် တောက်ပလွန်းတာကို လျှော့ပေးဖို့၊ အိမ်မွေးတိရစ္ဆာန်တွေကို အသံတိတ်အောင်လုပ်ပေးဖို့၊ ဘုံအသုံးပြုတဲ့ ပန်းခြံထဲမှာ အပင်တွေ အစားထိုးပေးဖို့ စတဲ့အချက်တွေက ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကာဒင်ရဲ့လျှောက်ထားချက်ကို ပြည်နယ်ခုံရုံးက ပယ်ချခဲ့ပါတယ်။

အဲဒီနောက်မှာ ကာဒင်က စာမျက်နှာ ၄၀၀ နီးပါးရှိတဲ့ အယူခံလျှောက်ထားမှုကို ပြည်နယ်အထက်တရားရုံးချုပ်ထံ တင်ပြခဲ့တာပါ။ အဲဒီအယူခံဝင်မှုကိုလည်း ပြည်နယ်အထက်တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ ကာဒင်ရဲ့ တင်ပြချက်တွေဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို သက်သေအထောက်အထားကင်းမဲ့တယ်ဆိုပြီး အနောက်သြစတြေးလျပြည်နယ်ခုံရုံးနဲ့ ပြည်နယ်အထက်တရားရုံးချုပ်က ပယ်ချခဲ့တာပါ။ သူကတော့ လက်မလျှော့သေးပါဘူး။ နောက်ထပ်တရားရင်ဆိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top