ကြွေလွင့်သွားတဲ့ စာအုပ်ဆိုင်

books-on-library-shelf-through-window-PPVB2JR.jpg

တစ်နေ့ကဖြစ်သည်။ ကျွန်တော်နှင့် သူငယ်ချင်း ကျောင်းဆရာလေးတို့လည်း စာအုပ်အဟောင်း အကောင်း လေးများဝယ်ရန်အတွက် ညဈေးဘက်သို့ ထွက်လာခဲ့ကြသည်။

ညဈေးသည် လွန်ခဲ့သော ဆယ်စုနှစ်ကနှင့် မတူတော့သည်ကိုတော့ သတိပြုနေမိသည်။ ကျွန်တော်တို့ လမ်းလျှောက်လာသော ညဈေးတစ်လျောက်တွင် အထည်ဆိုင်များ၊လျှပ်စစ်ပစ္စည်း အတိုအစဆိုင်များအပါအဝင် ပစ္စည်း အဟောင်းကောင်းလေးများကို တွေ့ရလေသည်။ သို့သော်လည်း လိုချင်သည်က စာအုပ်များဖြစ်ရာ စာအုပ်ဆိုင်ကိုသာ ရှာရလေတော့သည်။ သို့သော်ဆိုင်ကိုတော့မတွေပေ့ ထိုနေရာတွင် ဖုန်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ကလေး အစားထိုး ဖွင့်ထားသည်ကို တွေ့ရလေသည်။ စာအုပ်ဆိုင်ကလေး ဘယ်ပြောင်းသွားသလည်းဟု မေးမြန်းကြည့်ရာ လွန်ခဲ့သော ၁၀ ရက်ခန့်က စာအုပ်များကို အထူးလျော့ဈေးဖြင့် ရောင်းချပြီး ရောင်းကျန်စာအုပ်များကိုလည်း လက်ဆောင်ပေးလျက် ဆိုင်နေရာကိုပါ ရောင်းချပြီး ဆိုင်ပိတ်သွားကြောင်း ပြောပြလေသည်။

ဟုတ်ပေသည် ယခုခေတ် အနေအထား အခြေအနေများအရ စာအုပ်ဖတ်ခြင်းဆိုသည့် အလေ့အထသည် ပျောက်ကွယ်၍နေပြီဖြစ်သည်။ လူငယ်အများစုသည် စာရှည်ရှည်ကိုပင် မဖတ်တော့ပေ။ စာဖတ်ရမှာလွန်စွာ ပျင်းနေကြပြီလားဟု တွေးမိ့တော့သည်။ လူငယ်အားလုံး၏ လက်ထဲတွင် ဖုန်းကိုယ်စီရှိနေပြီး ထိုဖုန်းနှင့်အင်တာနက် လူမှုကွန်ယက်တို့က နေရာယူကြသည်။ ဂိမ်းကစားကြသူများလည်းရှိသည်။ ထိုအတူ ခေတ်အခြေအနေအရ အလုပ် လုပ်နိုင်မှ လူတန်းစေ့မည့်အခြေအနေမို့ အချိန်မပေးနိုင်တာလည်း ဖြစ်ချင်ဖြစ်မည်။ ထို့သို့သောအကြောင်း အမျိုးမျိုးကြောင့် လူငယ်များ၊ လူလတ်ပိုင်းမှအစ စာဖတ်အား လျော့နည်းလာခြင်း ဖြစ်ဟန်တူသည်။

ယခုတော့ ရပ်ကွက်အတွင်း စာအုပ်အငှါးဆိုင်များ ပျောက်ကွယ်ခဲ့သလို စာဟောင်း စာကောင်း ဆိုင်များလည်း မရှိတော့ပြီ။ စာပေဖတ်ခြင်းသည် လူ့အသိဉာဏ်ကို တိုးတက်စေပြီး ဆင်ခြင်တုံတရားကို ကောင်းစွာဖြစ်ပေါ်စေသည်။ အသိပညာ အတတ်ပညာတို့နှင့် လောက ဗဟုသုတတို့ကို စာပေကပေးခြင်းဖြစ်သည်။ ယခုတော့ လူငယ်တွေလက်ထဲတွင် စာအုပ်အစား ဖုန်းကိုသာ တွေ့ရတော့သည်။ စာဖတ်သူ လူငယ်ဆိုသည်မှာ လူနည်းစုသာ ဖြစ်ချင်ဖြစ်ပေတော့မည်။

အချို့သောလူများသည် စာပေဖတ်ခြင်းကို အလေ့အကျင့် တစ်ခုအနေဖြင့် မရှိတော့။ ထိုအခါ စာတစ်ပုဒ်ကို အဆုံးထိပင် မဖတ်တော့ပေ။ စာရေးသူ ဘာကိုဆိုလိုသည်၊ ဘာကို တင်ပြချင်သည်ကိုလည်း မသိတော့ပေ။ ဖတ်လိုက်သည့်စာအပေါ် အတွေးလည်း မတွေးတော့သလို ထိုစာပေ၏ တန်ဖိုးကိုလည်း မသိ့တော့ပေ။ လွန်စွာ ဝမ်းနည်းဖို့ကောင်းပေသည်။ “စာအုပ်စာပေ လူမိတ်ဆွေ” ဆို့သည့် ဆောင်ပုဒ်လေး အားငယ်နေရှာတော့သည်။

ကျွန်တော်နှင့် သူငယ်ချင်းလည်း စာပေအကြောင်း၊ စာပေ၏အကျိုးဖြစ်ပုံနှင့် စာပေ၏တန်ဖိုးများအကြောင်း ဆွေးနွေးရင်း အိမ်သို့ပြန်ခဲ့ကြတော့သည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top