သင်ဦးချ၍ အမျှဝေရာ (စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို)

article-post-1.jpg

ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ်ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၁) ဖြစ်ပြီး အပတ်စဉ်တနင်္လာနေ့တိုင်းမှာ ကျန်ရှိတဲ့အပိုင်းတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။

သင်ဦးချ၍ အမျှဝေရာ

ကျွန်တော်တို့ရပ်ကွက်ကလေးတွင် နန်းတော်ဦးဆိုသည့် စေတီလေးတစ်ဆူရှိလေသည်။ စေတီ၏ ထီးတော်ကို တစ်ချိန်တစ်ခါက မိုးကြိုးပစ်ခံခဲ့ရဖူးသည်။ ထိုသို့ မိုးကြိုးပစ်ခံထားရသည်ကို အကြောင်းပြု၍ ရပ်ကွက်အတွင်းနေထိုင်သူများက မိုးကြိုးပစ်ဘုရားဟုလည်း ခေါ်ကြသည်။ အကျယ် အဝန်း ပေ ၆၀ ပတ်လည်ခန့်ရှိသော ပရဝုဏ်အတွင်း၌ တည်ထားခြင်းဖြစ်သည်။ ကပ်လှူထားသော ရွှေဆေးသင်္ကန်းများသည် အချို့မှာ ကွာကျနေ၍ အကွက်ကလေးများဖြစ်လျက်ရှိသည်။ ထီးတော်မှာ အနည်းငယ်စောင်းနေသည်။ ဖောင်းရစ်တော်တွင် အပင်ငယ်လေးများက စိမ်းစိမ်းစိုစိုဖြင့် ပေါက်ရောက်လျက်ရှိသည်။ တစ်ခါတစ်ရံတွင် ငှက်ကလေးများက ယင်းအပင်ငယ်လေးများပေါ်တွင် အသိုက်ကလေးများ ဆောက်လုပ်ထားတတ်ကြသည်။

နန်းတော်ဦးစေတီ၏ တောင်ဘက်တွင် ပိုင်ရှင်ရှိသည့် မြေကွက်ကြီးတစ်ခုရှိသည်။ ယင်းမြေကွက်ကို ဝယ်ယူထားသည့် ပိုင်ရှင်သည် ငွေပိုလျှံ၍ ရင်းနှီးမြှုပ်နှံထားခြင်းသာဖြစ်ကြောင်းကို မြေကွက်၏ အလယ်ရှိ မန်ကျည်းပင်အကြီးကြီးက သက်သေပြနေသည်။ မြေကွက်အတွင်း၌ ပေါက်ရောက်လျက်ရှိသော ချုံနွယ်ပိတ်ပေါင်း များသည်လည်း တောကြီးတစ်တော ပြောင်းရွှေ့ထားသကဲ့သို့ပင် ရှိနေသည်။ ထိုသို့ ပိုင်ရှင်က ပစ်ထားသော မြေကွက်ကို အမှိုက်ပုံကြီးအဖြစ်လည်း မြင်နိုင်သည်။ အကြောင်းမှာ ရပ်ကွက်အတွင်း နေထိုင်သူ အတော်များများက ယင်းတို့၏ အမှိုက်များကို မသိမသာဖြင့်တစ်မျိုး၊ သိသိသာသာဖြင့် တစ်ဖုံ စွန့်ပစ်တတ်ကြသောကြောင့် ဖြစ်သည်။

စေတီ၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် ကတ္တရာလမ်းများရှိသည်။ အရှေ့ဘက်တွင် လူနေထိုင်သည့် အိမ်ရှိသည်။ ထို့ကြောင့် နန်းတော်ဦး စေတီသည် ကြက်ခြေခတ်လမ်းပုံစံ၏ ထောင့်လေးတစ်ခုတွင် တည်ရှိနေပြီး မုခ်ဦးများကို အနောက်ဘက်နှင့် မြောက်ဘက်တွင်သာ တည်ဆောက်ထားသည်။ အုတ်တံတိုင်းမှာလည်း လမ်းများဘက်နှင့် လူနေအိမ်ဘက်၌သာ ကာရံထားပြီး မြေကွက်ဘက်တွင် ကာရံထားခြင်းမရှိပေ။ ထို့ကြောင့် မြေကွက်ဘက်မှ အမှိုက်များနှင့် ချုံနွယ်ပိတ်ပေါင်းများသည် စေတီပရဝုဏ်ကို ကူးစက်လျက်ရှိသည်။
နန်းတော်ဦးစေတီကို အရှေ့ဘက်အရပ်ခပ်လှမ်းလှမ်းနှင့် တောင်ဘက်အရပ်ခပ်လှမ်းလှမ်း တို့က ဖူးမြော်လျှင် မမြင်နိုင်။ လူနေအိမ်များနှင့်အပင်ကြီးများက ကွယ်ထားသည်။ မြက်ရိုင်းပင်ကြီး များကလည်း စေတီတော်ကို ကာရံထားသည့် အုတ်တံတိုင်းမှ ကတ္တရာလမ်းများအစပ်အထိ အပြည့်နေရာယူထားကြသည်။ ပရဝုဏ်အတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများကလည်း မြေကွက် လွတ်ကြီးထဲမှအပင်များနှင့်အပြိုင် ပေါက်ရောက်လျက် ရှိသည်။ စေတီပရဝုဏ်၏ အရှေ့တောင်ထောင့်ရှိ ပေပင်ကြီးပေါ်တွင် ဆင့်၍ပေါက်နေသော ညောင်ပင်တစ်ပင် ရှိသည်။ မြို့အတွင်းရှိ အခြားစေတီပုထိုးများတွင် အမှုဆောင်ချင်သည့် ဂေါပကများ၊ ဘုရားလူကြီးများ ပေါများကြသည်။ အလှူရှင်များလည်း ပေါများကြသည်။ သို့သော် နန်းတော်ဦးစေတီမှာမူ ဘုရားလူကြီး လုပ်မည့် သူလည်း မရှိပေ။ အလှူရှင်လည်း မရှိသလောက် နည်းပါးသည်။

‘‘ဘာဖြစ်လို့ ဘုရားလူကြီးလုပ်မယ့်သူ မရှိတာလဲ’’ဟု အမေ့ကို မေးကြည့်သောအခါ ‘‘မိုးကြိုးပစ်ပြီးတဲ့နောက်ပိုင်း ဘုရားလူကြီးလုပ်တဲ့သူမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ခိုက်ကြလို့ မလုပ်ကြတာလို့ ပြောကြတာပဲ။ အမေကတော့ သိပ်ပြီးအယုံအကြည်မရှိပါဘူး။ တိုက်ဆိုင် တာလည်း ဖြစ်နိုင်တာပဲဟာ’’ဟု အမေက ကျွန်တော့်ကို ပြောခဲ့ဖူး၍ ဘုရားလူကြီး မရှိသည့် အကြောင်းအရင်းကို သိခဲ့ရသည်။ အမေမယုံကြည်သကဲ့သို့ပင် ကျွန်တော်လည်း မယုံကြည်။ အကြောင်းမှာ ကျွန်တော်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ခြင်းကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည့်အတွက် ကောင်းတာလုပ်လျှင် ကောင်းတာ ဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ဟူသော ကံ, ကံ၏အကျိုးကို ယုံကြည်လက်ခံထားသည်။ ထို့ကြောင့် ခိုက်သည် ဆိုသည်များကို လုံးဝမယုံကြည်ခြင်း ဖြစ်သည်။ ထိုသို့ ခိုက်သည်ဆိုသော ကောလာဟလကြောင့် နန်းတော်ဦးစေတီအား ပြုပြင်မွမ်းမံမည့်သူမရှိ၊ ရှိလျှင်လည်း ဘေးပတ်ဝန်းကျင်၏ ပယောဂကြောင့် မပြုပြင်ကြ၊ ဘုရားလူကြီးလည်းမရှိ၊ ထိန်းသိမ်းစောင့်ရှောက်မည့်သူလည်း မရှိ၊ လှူဒါန်းမည့်သူလည်း မရှိဘဲ ကာလရှည်တစ်ခုကို ဖြတ်သန်းလာခဲ့ရာ ယခုဆိုလျှင် အင်မတန်မှ ယိုယွင်းပျက်စီးလျက်ရှိနေပြီ ဖြစ်သည်။

မည်မျှထိပျက်စီးနေပြီလဲဆိုလျှင် စေတီအား ဖူးမြော်မည့်သူများပင် မရှိသောအခြေအနေသို့ ရောက်ရှိခဲ့သည်။ ဖူးမြော်မည့်သူရှိလျှင်လည်း ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေ၍ မြွေအန္တရာယ်၊ ကင်းအန္တရာယ်များကို စိုးရိမ်ကြသဖြင့် မဖူးမြော်ရဲကြ။ ညဆိုလျှင်လည်း လျှပ်စစ်မီးပူဇော်မည့်သူမရှိ၍ မှောင်မဲနေတတ်သည်။ ထိုသို့ မှောင်မဲနေသည်ကို အကြောင်းပြု၍ ရပ်ကွက်အတွင်းရှိအချို့လူများက သရဲခြောက်သည်ဟုလည်း ပြောတတ်ကြသည်။ သရဲခြောက်သည်ဆိုသောသတင်းမှာ ဟုတ်/မဟုတ် မသိရ။ သို့သော် သေချာသည့်အချက်မှာ လျှပ်စစ်မီးမရှိသော နန်းတော်ဦးစေတီတော်ရင်ပြင်တွင် လူကောင်းဟုမဆိုနိုင်သူများရှိတတ်ကြသည်။ မှောင်ရိပ်ကိုသာရမည်ဆိုလျှင် မည်သည့်အရာကိုမှ မကြောက်တတ်တော့သည့် စုံတွဲများလည်း ရှိကြသည်။ တစ်ခါတစ်ရံ ဝိုင်းဖွဲ့နေကြသော အရက်သမား များကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ဂစ်တာတီးနေသည့် လူများကို တွေ့ရသည်။ ဤသို့ဖြင့် သူတော်ကောင်းများ မွေ့လျော်သောနေရာသည် သူယုတ်မာများအတွက်သာ ဖြစ်နေတော့သည်။

‘‘ကိုဖြိုး အန္တရာယ်အကင်းဆုံးနေရာက ရန်သူနဲ့ အနီးဆုံးနေရာဆိုတာကို မင်းကြားဖူးလား’’

‘‘မင်းဟာက ရိုးနေပြီ၊ လူတိုင်းသိတယ်’’

‘‘ဒါဆို အဲလိုပြောတာ ဘာဖြစ်လို့လဲ’’

‘‘နီးလွန်းလို့ မမြင်နိုင်တာကိုပြောတာလေ’’

‘‘အေး အဲဒါ၊ ငါလိုချင်တာ အဲဒါ။ ခု မင်းလည်း နီးလွန်းလို့ မမြင်နိုင်ဘူးဖြစ်နေတယ်’’

ကိုဖြိုးတို့အိမ်ရှေ့ရှိ ခုံတန်းလျားလေးပေါ်တွင်ထိုင်၍ စကားပြောနေကြခြင်းဖြစ်သည်။ ကိုဖြိုးတို့ အိမ်သည် နန်းတော်ဦးစေတီတော်၏ အရှေ့ဘက်ကပ်လျက်တွင် ရှိနေသောအိမ်ဖြစ်သည်။ ကျွန်တော်နှင့် ကိုဖြိုးသည် သူငယ်တန်းမှ ဘွဲ့ရသည်အထိ မေဂျာမကွဲဘဲ ကျောင်းအတူတူ တက်ခဲ့ ကြသော အချစ်ဆုံးငယ်သူငယ်ချင်းလည်းဖြစ်၊ တစ်ရပ်ကွက်တည်းသားချင်းလည်းဖြစ်၊ တစ်လမ်းတည်းသားချင်းလည်းဖြစ်သောကြောင့် အင်မတန်မှ သံယောဇဉ်ကြီးကြသည်။ ကျွန်တော်နှင့် သူ ဘွဲ့ရပြီးသည်မှာ သိပ်မကြာသေးပေ။ ကျွန်တော်တို့နှစ်ယောက်သည် ဘွဲ့ရပြီးသည်နှင့် အလုပ် ကိုယ်စီ ရရှိခဲ့ကြသည်။ ရပ်ကွက်အတွင်း၌သာ လုပ်ရသော အလုပ်ဖြစ်သည့်အပြင် လူချစ်လူခင်လည်း ပေါများလှသောကြောင့် အလွန်ကြိုက်နှစ်သက်လာခဲ့သည်။ ထိုအလုပ်သည် ‘သာနာတောက်တို’ အလုပ်ဖြစ်သည်။ သာနာတောက်တိုအလုပ်သည် အခြားသူများအတွက် အလုပ်ဟုမဆိုနိုင်သော်လည်း ကျွန်တော်တို့နှစ်ယောက်အတွက်မှာ အလုပ်ကြီးအကိုင်ကြီးဖြစ်သည့်အတွက် တန်ဖိုးထားသည်။ လေးစားသည်။ မြတ်နိုးသည်။ တွယ်တာသည်။ ပျော်ရွှင်သည်။ ထို့ကြောင့် ရပ်ကွက်အတွင်းရှိ သာနာတောက်တို အလုပ်များကို ကျွန်တော်တို့နှစ်ယောက်တည်းပင် ကန်ထရိုက်ဆွဲထားကြသည်။

သာနာတောက်တိုဆိုသည်မှာ သာရေး၊ နာရေးတွင် တောက်တိုမည်ရ လုပ်ရသည့် အလုပ်ဖြစ်သောကြောင့် ကျွန်တော်တို့သည် မင်္ဂလာဆောင်၊ အသုဘနှင့် အခြားသော သာရေးကိစ္စ၊ နာရေးကိစ္စ များကိုသာ စနည်းနာလျက်ရှိသည်။ ရပ်ကွက်ထဲမှလူများကလည်း သာနာတောက်တိုအတွက် အကူအညီလိုလျှင် ကျွန်တော်တို့နှစ်ယောက်ကိုသာ အလုပ်အပ်ကြသည်။ နေရာရလာသည့် သဘောပင်ဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်ကလည်း အကူအညီအတောင်းခံရလျှင် ပျော်နေ တတ်သည်။ သာနာတောက်တိုလုပ်သည့်အတွက် လူအများ၏ အသိအမှတ်ပြုခြင်းခံရသည့်အပြင် ယခုအခါ ကျွန်တော်တို့နှစ်ယောက်သည် ရပ်ကွက်အတွင်း၌ ဘွဲ့ရသာနာတောက်တိုနှစ်ယောက်ဟု အမည်ရနေပြီဖြစ်သည်။

‘‘မင်း ငါ့ကို ဘာတွေပြောနေတာလဲ၊ ဘာလဲကွ နီးလွန်းလို့ မမြင်နိုင်ဘူးဖြစ်နေတယ်ဆိုတာ’’

‘‘မင်းအိမ်နားမှာ ကပ်နေတဲ့ ဒီနန်းတော်ဦးစေတီကို ပြောတာကွ။ ကြည့်ပါဦး ချုံတွေ၊ မြက်တွေ ဆိုတာ လမ်းသွားလမ်းလာတွေကြည့်လိုက်ရင်တောင် မြင်လို့မကောင်းတော့ဘူး။ အဆိုးဆုံးက ဘုရားဖူးချင်တဲ့သူ ထိုင်ရှိခိုးဖို့ နေရာလွတ်တောင်မရှိတာဘဲ’’

‘‘အေး အဲဒါတော့ဟုတ်တယ်ကွ။ အချို့ ဘာသာတရားကို အင်မတန်ကိုင်းရှိုင်းတဲ့သူတွေဆို ဘုရားပေါ် တက်မလိုလုပ်ပြီးမှ လမ်းမပေါ်ကနေ လက်အုပ်လေးချီပြီး ပြန်သွားကြတာကို တစ်ခါတလေ မြင်ရတယ်’’

‘‘အဲဒါပြောတာပေါ့ကွာ။ ငါတို့ရပ်ကွက်အတွင်းမှာ ပြေးကြည့်မှ ဒီစေတီလေးတစ်ဆူရှိတာ။ ဒါပေမဲ့ ခုလိုကြီးဖြစ်နေတော့ စိတ်ထဲမှာတစ်မျိုးကြီးပဲ။ အခါကြီးရက်ကြီးနေ့တွေဆိုလည်း သူများရပ်ကွက်က စေတီတွေမှာ ကြိတ်ကြိတ်တိုးနေတဲ့အချိန် ငါတို့ရပ်ကွက်က စေတီမှာကတော့ အတွဲတွေနဲ့၊ အရက်သမားတွေနဲ့ပဲ ဖြစ်နေတယ်’’

‘‘ဟုတ်တယ်ကွ။ ငါတို့ရပ်ကွက်ထဲကလူတွေတောင် နန်းတော်ဦးစေတီကို လာမဖူးကြဘူး။ သူများရပ်ကွက်သွားပြီး ဖူးကြတာ’’

‘‘မင်းစဉ်းစားကြည့်စမ်းပါ။ ကိုယ့်ရပ်ကွက်မှာ ကိုးကွယ်စရာစေတီရှိရဲ့သားနဲ့ သူများရပ်ကွက်က စေတီကို သွားဖူးရတယ်ဆိုကတည်းက ငါတို့ရပ်ကွက်ကလူတွေရဲ့ အသုံးမကျမှုတွေကို ထုတ်ဖော်ပြသနေသလိုပဲလို့ မင်း မထင်ဘူးလား’’

‘‘သိပ်ထင်တာပေါ့ကွာ’’‘‘ထင်ရင် ငါတို့နှစ်ယောက်ရဲ့ တတ်နိုင်သလောက်အားနဲ့ ရပ်ကွက်ထဲကလူတွေ ဖူးချင် လာအောင် ချုံတွေကို ရှင်းရအောင်ကွာ’’

‘‘အင်း ရှင်းတာတော့ ဟုတ်ပါပြီ။ ငါတို့နှစ်ယောက်တည်းနဲ့ ဒီလောက်ထူတဲ့ ချုံတွေကို ဘယ်လို ရှင်းမလဲကွ’’

‘‘မင်းကလည်း စစ်မရောက်ခင်က မြားကုန်နေပြန်ပြီ။ မပူပါနဲ့ကွ ဒီစေတီခုလိုဖြစ်နေတာ ဦးဆောင်မယ့်သူ မရှိလို့ပါ။ ဦးဆောင်မယ့်သူသာရှိရင် သူ့ဟာနဲ့သူ ဖြစ်လာပါလိမ့်မယ်’’‘‘အဲဒါဆိုလည်း ပြီးတာပါပဲ။ ဘယ်တော့စမလဲ’’

‘‘လူ့လောကကြီးဆိုတာ သိပ်ပြီး ရေရာတာမဟုတ်ဘူး ကိုဖြိုးရ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေနိုင်တယ်တဲ့။ တော်ကြာ ကုသိုလ်လုပ်ဖို့ စဉ်းစားပြီးခါမှ သဟဿိက ဒါနမမြောက်ဘဲ သေသွားရင် နှမြောစရာကြီး။ မနက်ဖြန်စမယ်ကွာ’’

‘‘အေး စဆိုလည်း စမယ်ကွာ။ ခုတော့ အချိန်တွေလည်း တော်တော်နောက်ကျနေပြီ။ ဗိုက်လည်း ဆာလာပြီ။ မင်းလည်းပြန်တော့။ ငါလည်း အိမ်ထဲဝင်ပြီး ထမင်းစားတော့မယ်’’ဟုဆိုကာ ကိုဖြိုးတစ်ယောက် အိမ်ထဲသို့ ဝင်သွားခဲ့သည်။

ကျွန်တော်တို့နှစ်ယောက် စကားစမြည် ပြောနေကြသည်မှာ မည်မျှကြာသွားမှန်းမသိ။ တော်တော်ပင် မှောင်နေပေပြီ။ လက်ကနာရီကို ကြည့်လိုက်သောအခါ နာရီလက်တံအတိုသည် ရှစ်ဂဏန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အိမ်ပြန်ရန်အတွက် ခြေလှမ်းများကို ပြင်လိုက်စဉ်မှာပင် သတိတစ်ချက်ရ၍ နန်းတော်ဦးစေတီတော်သို့ လှည့်ကြည့်ဖူးမြော်လိုက်ရာ ပကတိအခြေအနေတွင် ပိန်းပိတ်အောင် မှောင်မဲလျက်ရှိသော်လည်း စိတ်ကူးထဲတွင် ရောင်စုံလျှပ်စစ်မီးများဖြင့် လင်းထိန်လျက်ရှိသောကြောင့် ကြည်နူးပီတိစိတ်ကလေး ပေါ်လာခဲ့ပြီး ပြုံးလိုက်မိ၏။

မင်းထက်မြိုင်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top