အမျိုးသမီးဖြစ်ရတာ အမျိုးသားတွေထက်ပိုသာတဲ့ အချက် (၆) ချက်

48358187_314680536049143_6631446233921617920_n.jpg

ဒီဆောင်းပါလေးမစတင်ခင်မှာပြောချင်တာက အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူကပိုသာတယ်၊ ပိုနာတယ်ဆိုတာထက် အကုန်လုံးက တန်းတူညီမျှရှိနေတယ်ဆိုတာကိုသိထားဖို့ပါပဲ။ ဘယ်လောက်ပဲတန်းတူညီမျှတယ်ပြောပြော ယောက်ျားတွေက မိန်းကလေးတွေထက်ပိုမြင့်မြတ်တယ်။ ပိုသာတယ်ဆိုပြီး ခပ်ညံ့ညံ့အတွေးအခေါ်နဲ့ လောကကြီးကိုဘောင်ခတ်ထားတဲ့ သူတွေကလည်းရှိနေတုန်းပါ။

အဲဒီလိုလူမျိုးတွေနဲ့တွေ့တဲ့အခါ ပညာသားပါပါနဲ့ ချေမိုးနိုင်ဖို့ အမျိုးသမီးဖြစ်ရခြင်းရဲ့ တောင်လိုပုံနေတဲ့ အားသာချက်ပေါင်းများစွာထဲက အားသာချက် (၆) ချက်ကို စာရေးသူကဖော်ပြပေးလိုက်ပါတယ်။

၁။ ဖတ်လှဲတကင်းနေလို့ရတယ်

မိန်းကလေးနှစ်ယောက် လက်ချင်းချိတ်ပြီး ကားလမ်းကူးလို့၊ ကော်ဖီဆိုင်ထဲ ပုခုံးချင်းမှီပြီး ကော်ဖီထိုင်သောက်နေလို့ဆိုပြီး ဘယ်သူ့ဆီကမှ အမြင်အစောင်းခံရတာမျိုးမရှိပါဘူး။ နေပါ…ငါတို့ယောက်ျားလေးတွေကလည်း ဒီလို ပူးပူးကပ်ကပ်တွေ စိတ်မဝင်စားပါဘူးဆိုပေမဲ့လို့ မူးလာရင်ဒဿထက်အချစ်ကြီးပြီး အချင်းအချင်းတောင် ခွာမရဖြစ်သွားကြတာလည်း ယူတို့ပါပဲ။

၂။ ငိုချင်သလောက် ငိုလို့ရတယ်

လူကြားထဲမှာပဲဖြစ်ဖြစ်၊ လူမကြားထဲမှာပဲဖြစ်ဖြစ် မိန်းကလေးတွေက တရားဝင်ငိုခွင့်ရှိပါတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် စိတ်ခံစားမှုပိုမိုမြင့်မားကြောင်းကိုလည်း တရားဝင်စစ်တမ်းတွေက ဖော်ပြထားပြီးသားပါ။ ရုပ်ရှင်ကြည့်ပြီး မျက်ရည်တောက်တောက်ကျနေတဲ့အမျိုးသမီးကို ပတ်ဝန်းကျင်က ဘာမှမပြောပေမဲ့ ဒီနေရာမှာအမျိုးသားတစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုရင် …။

၃။ Ladies’ Night

အရက်၊ ဘီယာပုလင်းတွေ အလကားရတာ၊ တစ်ဝက်ဈေးနဲ့ ဖောက်ခွင့်ရတာ၊ မိန်းကလေး (၄) ယောက်ပါ shisha တစ်အိုး ဖရီးဆိုတာတွေက မိန်းကလေးတွေအတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ Ladies’ Night ဆိုတာမှာပဲရတာပါ။ ကိုယ့်လူတို့ စဉ်းစားကြည့်ပါ။ Men’s Night ဆိုတာများရှိရဲ့လားလို့ …။

၄။ ကလေးမွေးလို့ရတယ်

လူရယ်လို့ ဖြစ်လာတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကလေးမမွေး၊ ကိုယ်ဝန်မဆောင်ဘဲနဲ့လည်း ယောက်ျားလေးတွေနဲ့တန်းတူ လူ့ဘဝကြီးမှာ နေထိုင်ခဲ့တယ်။ ဪ … မတူတာကတော့ (၁၀) လလောက်လေး ကိုယ်ဝန်ဆောင်ပြီးတော့ နောက်ထပ်လူသားတစ်ဦးကို လူ့ဘဝထဲခေါ်ဆောင်နိုင်တာပါပဲ။ အဲဒါမိန်းမတွေပါ။ သိပ်မြင့်မြတ်တဲ့အလုပ်ကို လုပ်ဆောင်နိုင်တာပါ။

၅။ နှဖူးပြောင်တာ နှေးတယ်

ထိရှသွားသလား။ စစ်တမ်းတွေအရ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆံပင်ကျွတ်မှုနှုန်းပိုနှေးကြပါတယ်။ လေဒီတို့လည်း ထိပ်ပြောင်နေတဲ့ အသက် (၃၀) ကျော်အချစ်ဦးနဲ့ လမ်းမှာပြန်တွေ့ရင် သွားဖြဲပြီးပြုံးပြနိုင်အောင် ခုတည်းကလေ့ကျင့်ထားလိုက်တော့နော်။

၆။ အိမ်မှာလည်း နေလို့ရတယ်

အခုခေတ်မှာ အမျိုးသမီးတွေအတွက် ရွေးချယ်စရာဆိုတာက ပင်လယ်ရေလို့ပါပဲ။ ဘယ်လောက်သောက်သောက် သောက်လို့ကိုမကုန်တာပါ။ အိမ်မှာနေပြီး ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်လို ကလေးထိန်းမလား။ အလွတ်တန်းအလုပ်တွေ လုပ်မလား။ အပြင်ထွက်ပြီး ငွေရှာမလား။ ဆိုပေမဲ့ ယောက်ျားတစ်ယောက်က ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာနေပြီး ကလေးထိန်းမယ်ဆိုရင်တော့ ပတ်ဝန်းကျင်က မေးငေါ့စရာတွေ ဖြစ်လာနိုင်ပါတယ်။

Ref : Pinterest “Top 6 Reasons Why It’s Better To Be A Woman”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top