အဝတ်အစားကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း

Allergy_Blog_1024x1024.jpg

ပုံမှန်အားဖြင့် ဘေးအန္တရာယ်မပြုတဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ မြေပဲ၊ ပျားရည်၊ ကြက်ဥ၊ ဖုန်မှုန့်တွေက အဖြစ်များတဲ့ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ အဝတ်အစားကို ရက်လုပ်ထားတဲ့ Polyester လို့ခေါ်တဲ့ အထည်သားကြောင့် ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။

ဓာတ်မတည့်ခြင်း လက္ခဏာတွေ

ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • နှာချေတာ
  • အင်ပျဉ်ထတာ
  • အရေပြားယားယံတာ
  • ဖောရောင်တာ
  • အသက်ရှူကြပ်တာတွေပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။

Polyester နှင့်ဓာတ်မတည့်ခြင်း

Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့အခါ

  • အင်ပျဉ်အနီကွက်တွေထတာ
  • အရေပြား ပျော့တွဲတွဲဖြစ်တာ
  • နီနေတဲ့အရေပြားက ပူစပ်ပူလောင်ဖြစ်နေတာ
  • အနီစက်သေးသေးလေးတွေ စုပြုံထတာ
  • အရေပြားက နီရဲလာတာ
  • အသားက မခံမရပ်နိုင်အောင် ယားလာတဲ့ လက္ခဏာတွေအပြင်
  • ရင်ဘတ်ထဲက တင်းကြပ်နေသလို၊ အောင့်သလို ခံစားရတာ
  • အသက်ရှူကြပ်တာ
  • အရေပြားဖောရောင်တဲ့အထိ ဓာတ်မတည့်လက္ခဏာက ပြင်းထန်နိုင်ပါတယ်။

ကျပ်လွန်းတဲ့ အတွင်းခံဝတ်တာ၊ မနက်ကနေ ညအထိ မချွတ်မလဲဘဲ ဒီအတိုင်းနေတာ၊ အဝလွန်တာ၊ ချွေးတွေနဲ့ စိုညစ်ညစ်ဖြစ်နေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါမှာလည်း ဓာတ်မတည့်လက္ခဏာက ပိုဆိုးနိုင်ပါတယ်။

တခြား ဓာတ်မတည့်ခြင်းနဲ့ ဘာကွာလဲ။

အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီးမှ ဖြစ်လာတဲ့ Polyester ဓာတ်မတည့်ခြင်းဟာ အရေပြားကိုသာ အဓိကဒုက္ခပေးတာဖြစ်ပါတယ်။ လက္ခဏာတွေဟာ ထင်သာမြင်သာရှိတဲ့အတွက် ကိုယ့်မှာ ဒီအထည်သားနဲ့ ဓာတ်မတည့်ဘူးဆိုရင် တန်းသိနိုင်ပါတယ်။ လက်ရှိအချိန်ထိ Polyester ဓာတ်မတည့်ခြင်းအတွက် ကုသလို့ရတဲ့ နည်းလမ်းတွေတော့ မရှိသေးပါဘူး။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။

အကောင်းဆုံးက Polyester အထည်သားနဲ့ လုပ်ထားတာ မှန်သမျှ အရေပြားနဲ့ တိုက်ရိုက်မထိဖို့ကို ဂရုစိုက်ရပါမယ်။ Polyester အထည်သားကို အမျိုးသားအတွင်းခံတွေအပြင် အားကစားသုံး အဝတ်အထည်တွေ၊ ညဝတ်အကျီ၊ စကပ်၊ ကော်ဇော်၊ အိပ်ရာခင်းတွေမှာ တွေ့နိုင်ပါတယ်။

Polyester ဓာတ်မတည့်ခြင်း ကိုယ့်မှာရှိတယ်လို့ သိထားပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်လို့ရမယ့် ဆေးတွေ၊ အရေပြားအတွက် လိမ်းဆေးတွေကို ညွှန်းခိုင်းလို့ရပါတယ်။ လိမ်းဆေးမလိမ်းခင် အရင်ဆုံး ဓာတ်မတည့်ဖြစ်နေတဲ့ အရေပြားကို ဆပ်ပြာ၊ ရေနဲ့စင်ကြယ်အောင် ဆေးကြောရပါမယ်။ နီရဲယားယံတာ သက်သာဖို့ အဝတ်စိုစိုတစ်ခုနဲ့ အရေပြားကို ၁၀မိနစ်လောက် အုပ်ထားပေးပါ။ လက်ကိုသေချာဆေးပြီး အရေပြားကို ခြောက်အောင်သုတ်ပြီးမှပဲ လိမ်းဆေးကို လိမ်းပေးရပါမယ်။

Ref: Helloဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top