အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာနှင့် သုံးသပ်ချက်များကိုဆန့်ကျင်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်

67842477_2482634938446410_7293741473843904512_n.jpg

လူ့အခွင့်အရေးကောင်စီက အချက်အလက်ရှာဖွေရေးမစ်ရှင်ဖွဲ့စည်းကာ အစီရင်ခံစာနှင့် သုံးသပ်ချက်များ ထုတ်ပြန် နေခြင်းဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးလုပ်ဆောင်နေတာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့ ဆန့်ကျင်ကန့်ကွက် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ “မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission-FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကိစ္စ အပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံ၍သာ ဆောင်ရွက်သင့်သည်ဟူသောရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားပါကြောင်း၊ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သောစိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့်မယုံကြည်ပါကြောင်း ဖော်ပြထားပါတယ်။

ထပ်မံပြီး “လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်လာလျှင် တာဝန်ယူ၊ တာဝန်ခံမှုများရှိရမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏မူအရ ရပ်တည်ချက်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြား လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည် ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီး ဖြစ်သဖြင့် ထိုသို့ ပြည်တွင်း၌ ဖွဲ့စည်းဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မိမိတို့ဆန့်ကျင်ပါကြောင်း၊

လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏ လုပ်ပိုင် ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်း ဖြစ်၍ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏အစီအရင်ခံစာကို သော်လည်းကောင်း မိမိတို့ အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချပြီး အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ကြောင်း၊။ထိုကဲ့သို့သောဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေနိုင်မည်မဟုတ်ဟုယုံကြည်ပါကြောင်း၊

ရခိုင်ပြည်နယ်ရှိစိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံကယုံကြည်ထားသည်ဖြစ်၍ ရခိုင်ပြည်နယ်ရှိလူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကိုတည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြောသောပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းတို့သည်သာ မိမိတို့၏ လတ်တလောဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။

Ref: Ministry of Foriegn Affairs Myanmar
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top