အူရီဒူးမြန်မာနှင့် Google တို့ပူးပေါင်းလုပ်ဆောင်မည့် ဗဟုသုတ တိုးပွားစေရေးနှင့် ကျင့်ဝတ်သင်တန်းအစီအစဉ်၏ ဆရာဖြစ်သင်တန်း ပို့ချပေး

Ooredoo-and-Google-ToT-Traning-for-Digital-Literacy-and-Citizenship-Eng.jpg

ယခုသင်တန်းမှတဆင့် မြန်မာနိုင်ငံတဝန်းရှိ ပညာရေးကောလိပ် ၂၅ ခုနှင့် ဆရာအတတ်သင် ကျောင်း ၃၅ ကျောင်းမှ ဆရာ၊ ဆရာမဦးရေပေါင်း ၃၀၀ ခန့်အား
သင်တန်းများ ပို့ချပေးသွားမည်။

၄ ရက်ကြာမြင့်မည့် ဆရာဖြစ်သင်တန်းတွင် ဒစ်ဂျစ်တယ်ဗဟုသုတများ၊ ဒစ်ဂျစ်တယ် ကျင့်ဝတ်များနှင့် ပတ်သက်သည့် သင်ခန်းစာများအား သင်ကြားပေးသွားမည့် အပြင်
အုပ်စုဖွဲ့ ဆောင်ရွက်ရမည့် သင်ခန်းစာများနှင့် ကျွမ်းကျင်တတ်မြောက်မှုပိုင်းဆိုင်ရာ စစ်ဆေးခြင်းများ လည်း ပါဝင်မည်။

အူရီဒူးမြန်မာနှင့် Google တို့ပူးပေါင်း၍ နိုင်ငံတဝန်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ဒစ်ဂျစ်တယ်ဗဟုသုတ တိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာ ကျင့်သုံးသင့်သော ဒစ်ဂျစ်တယ်ကျင့်ဝတ်သင်တန်း အစီအစဉ်အား ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှုဖြင့် စတင်လုပ်ဆောင်သွားမည်ဟု မကြာသေးမီက ကြေညာခဲ့ပါသည်။ ဤအစိုးရနှင့် ပုဂ္ဂလိက အကျိုးတူ ပူပေါင်းဆောင်ရွက်မှု အစီအစဉ် (Private-Public

Initiative) ၏ ပထမအဆင့် ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတဝန်းမှ ပညာရေး ကောလိပ် ၂၅ ခုနှင့် ဆရာအတတ်သင်ကျောင်း ၃၅ ကျောင်းမှ ဆရာ၊ ဆရာမ ၃၀၀ ခန့်အတွက် ဆရာဖြစ်သင်တန်းများ ပို့ချသွားမည့် အစီအစဉ်အား စတင်လိုက်ပြီဖြစ်ပါသည်။ ၄ ရက်တာကြာမြင့်မည့် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် ဆရာဖြစ်သင်တန်းသည်
ကွန်ပြူတာ အခြေခံ၊ ICT နှင့် Cloud Computing၊ Cloud တွင် ဖိုင်များ သိမ်းဆည်းခြင်းနှင့် မျှဝေခြင်း၊ အွန်လိုင်းမှတဆင့် အစည်းအဝေးများနှင့် ချိန်းဆိုထားမှုများအား မှတ်သားခြင်း၊အီးမေးလ်ပေးပို့ခြင်း၊ မြေပုံ၊ လမ်းညွှန် နှင့် သွားလာရှာဖွေမှု စသော လုပ်ဆောင်ချက်များအား အသုံးပြုတတ်စေရန် သင်ကြားပေးခြင်း၊ လုံခြုံစိတ်ချမှုရှိစွာ
အွန်လိုင်းအသုံးပြုတတ်စေရန်နှင့် တွေးတောကြံဆ ဆင်ခြင်သုံးသတ်မှုအပိုင်း ပိုမိုတိုးတက်လာစေရန် သင်ကြားပေးခြင်း၊၊

You Tube မှတဆင့် ပညာရပ်များအားလေ့လာခြင်း၊ အွန်လိုင်းမှတဆင့် စစ်တမ်းကောက်ယူမှုများ၊ အမေးအဖြေ ပြုလုပ်ခြင်းများနှင့် လေ့လာသုံးသပ်ချက်များ လုပ်ဆောင်ခြင်း အစရှိသည်တို့ကိုသင်ကြားပေးသွားမည် ဖြစ်သည့်အပြင် အုပ်စုလိုက် ဆောင်ရွက်ရမည့် သင်ခန်းစာများနှင့်ကျွမ်းကျင်တတ်မြောက်မှုပိုင်းဆိုင်ရာ စစ်ဆေးခြင်းများလည်း ပါဝင်သွားမည် ဖြစ်သည်။“ဘယ်စီမံကိန်းမှာမဆို ပထမဆုံး ခြေလှမ်းက အမြဲတမ်း အရေးအကြီးဆုံးဖြစ်တယ် ဆိုတာကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့်မို့လို့ အခု ပို့ချပေးသွားမယ့် ဆရာဖြစ်သင်တန်းကနေတဆင့် ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လုံခြုံစိတ်ချမှု ရှိရှိ အွန်လိုင်းအသုံးပြုတတ်စေဖို့နဲ့ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့အခြေခံဒစ်ဂျစ်တယ် ကျင့်ဝတ်တွေကို သိရှိ နားလည်လာစေဖို့ စာသင်ခန်းထဲမှာ သင်ကြားပို့ချတဲ့ အခါမှာ အများကြီး အထောက်အကူ ဖြစ်နိုင်မယ်လို့ အူရီဒူးအနေနဲ့ မျှော်လင့်ပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ စာသင်ကျောင်း တွေက ကျောင်းသား၊ ကျောင်းသူတွေကို ဒစ်ဂျစ်တယ် နည်းပညာတွေ၊ အခြေခံ ဒစ်ဂျစ်တယ် ကျင့်ဝတ်တွေကို သင်ကြားပို့ချပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီအစီအစဉ်တစ်လျှောက်မှာ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး အူရီဒူးနဲ့ Google တို့ဟာ သူတို့ရဲ့ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ၊ စိတ်ဓာတ်ရေးရာပိုင်း နဲ့အတူ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နဲ့ အသိရှိမှုတို့ကို လူအများစိတ်ဝင်စားမှုကို မြှင့်တင်ပေးရန် နဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် နိုင်ငံတဝန်းမှာ ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့သည်။

ဤသင်ရိုးညွှန်းတမ်းများသည် ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသား၊ ကျောင်းသူများအား ဒီဂျစ်တယ်နည်းပညာများအား လုံခြုံစိတ်ချစွာ အသုံးပြုတတ်စေရန်နှင့်နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သော အခြေခံဒစ်ဂျစ်တယ် ကျင့်ဝတ်များအား သိရှိနားလည်လာစေရန် စာသင်ခန်းထဲတွင် ပြန်လည် သင်ကြားသည့်အခါတွင် များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ဤအစီအစဉ်တွင်ပါရှိသည့် သင်ခန်းစာများမှတဆင့် ဆရာ၊ ဆရာမများအနေနှင့် အရေးပါသော သင်ကြားမှုနည်းစနစ်အသစ်များအား သင်ယူ တတ်မြောက်သွားနိုင်မည် ဖြစ်ပြီး ကျောင်းသား၊၊ ကျောင်းသူများအား အွန်လိုင်းကို လုံခြုံစွာ အသုံးပြုတတ်စေရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်များတွင် ထူးချွန်သူများဖြစ်လာ စေရန် ပြန်လည်သင်ကြားပြသရာတွင်လည်း များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

Google ၏ အာရှပစိဖိတ်ဒေသအတွက် Outreach and User Education Manager ဖြစ်သူ Kiyotaka Tanaka မှနေ၍ “အင်တာနက်ဟာ အခုခေတ်မှာ ဗဟုသုတ၊ အပန်းဖြေ ဖျော်ဖြေရေး၊ စီးပွားရေး နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက ရယူနေနိုင်တဲ့ အရင်းအမြစ် တစ်ခု ဖြစ်တာနဲ့ အညီ အခု ဒီ စီမံကိန်းက နေတဆင့် မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုတတ် စေဖို့ ကူညီသင်ကြားပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် တကယ်ကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ နောက်ပြီး အခု ဒီစီမံကိန်းအတွက် ကျွန်တော်တို့ အနေနဲ့ အူရီဒူးနဲ့ Myanmar Book Aid and Preservation Foundation (MBAPF) တို့လို

မိတ်ဖက်အဖွဲ့အစည်းကောင်း တွေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့တဲ့ အတွက်လည်း အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။ ယခုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတဝန်းမှ လူငယ်များ၏ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ပိုမိုမြင့်မား လာစေရန်နှင့် အင်တာနက်အသုံးပြုရာတွင် တာဝန်ယူမှုရှိရှိဖြင့်အသုံးပြုတတ်စေရန် အကူအညီ ဖြစ်စေမည်ဟု အူရီဒူးနှင့် Google တို့မှ မျှော်လင့်ထားပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top