ဆူမားတြားကျွန်း ကမ်းလွန်ဘက်မှာ ဗဟိုပြုချက်တိမ်တဲ့ အင်အားပြင်းငလျင် ၂ ကြိမ် လှုပ်ခတ်

19-8-2020-yyl-001.jpg

ဒီနေ့နံနက် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ကမ်းလွန်ဘက်မှာ ဗဟိုပြုချက် အနက်ပေတိမ်တဲ့ အင်အားပြင်း ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပြင်းအား ၆.၈ မဂ္ဂနီကျူ့စ်နဲ့ ၆.၉ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင် ၂ ကြိမ်ဟာ အချိန် ၆ မိနစ်ခြားပြီး လှုပ်ခတ်ခဲ့တာပါ။ ဒါပေမဲ့ ထိခိုက်ပျက်စီး၊ သေဆုံးမှု ဖြစ်နိုင်ခြေနည်းပါးတယ်လို့ အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောပါတယ်။

အင်အားပြင်းငလျင်တွေ လှုပ်ခတ်ခဲ့ပေမဲ့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်တယ်ဆိုတဲ့ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတွေကို ခြိမ်းခြောက်နိုင်ခြင်းမရှိဘူးလို့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီသတိပေးရေးနဲ့ ဘေးအန္တရာယ် သက်သာလျော့ပါးစေရေးစနစ်က ပြောပါတယ်။

၂၀၀၄ ခုနှစ်က ဆူမားတြားကျွန်း ကမ်းလွန်ဘက်မှာ ပြင်းအား ၉.၁ မဂ္ဂနီကျူ့စ် ငလျင်လှုပ်ခတ်ခဲ့လို့ အိန္ဒိယသမုဒ္ဒရာတစ်ဝိုက် နိုင်ငံတွေကို ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး လူ ၂၂၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတစ်နိုင်ငံတည်းမှာ သေဆုံးသူ ၁၇၀၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူလာဝီစီကျွန်းမှာ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့လို့ သေဆုံးသူ၊ ပျောက်ဆုံးသူ ၄၃၀၀ ကျော် ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ မီးတောင်စက်ကွင်းဒေသမှာ တည်ရှိလို့ ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်လှုပ်ရှားမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။

Ref: Bangkokpost ” Twin quakes strike off Indonesia”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top