လူမှုဆက်ဆံရေး ကောင်းရုံလောက်နဲ့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာ မဟုတ်ကြောင်း လေ့လာမှုတွေကဆို

candid-image-of-a-group-with-succesful-business-PMXUC7H.jpg

ဘရစ်စတို တက္ကသိုလ် (Bristol University) က သုတေသနတစ်ခုအရ သဘောကောင်းတိုင်း အနာဂတ်မှာ အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

IQ မြင့်တဲ့သူတွေဟာ နောက်ပိုင်းဘဝမှာ အောင်မြင်မှုရရှိဖို့ အလားအလာပိုရှိကြောင်းကို ဘရစ်စတို (Bristol)၊ မီနီစိုတာထ် (Minnesota)နဲ့ ဟေးလ်ဒယ်လ်ဘတ်ဒ် (Heidelberg) တက္ကသိုလ်တို့ရဲ့  သုတေသန ပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

သုတေသန ပညာရှင်တွေဟာ စမ်းသပ်မှုပေါင်းများစွာကို အမျိုးအစားလိုက် ခွဲခြားပြီး လူမှုအဖွဲ့အစည်းနဲ့ အတူတကွ ပူးတွဲလုပ်ဆောင်ရတဲ့ ရုံးလုပ်ငန်းနဲ့ အိမ်တွင်း လုပ်ငန်းဆောင်တာတွေမှာ တစ်ဦး တစ်ယောက်ချင်းအနေနဲ့ မိမိ အသိစိတ်အတိုင်း ဘယ်လောက် လုပ်ချင်ကိုင်ချင်စိတ် ရှိလဲဆိုတာကို စမ်းသပ်မှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘရစ်စတို တက္ကသိုလ် စီးပွားရေးဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ အဟန်နီအို ပရိုတို (Eugenio Proto) က “လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်အရာကများ ကျွန်တော်တို့ကို တွန်းအားပေးလဲဆိုတာကို ရှာဖွေခဲ့ကြတာပါ။ နားလည်အောင် ပြောရမယ်ဆိုရင်တော့ ကိုယ့် ကိုယ်ကျိုးအတွက်သာမက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေ၊ တစ်နိုင်ငံထဲမှာ အတူတူ နေထိုင်တဲ့သူတွေနဲ့ ကမ္ဘာပေါ်က လူသားတွေအတွက်ပါ အကျိုးဖြစ်စေမယ့်အရာတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် လိုလိုလားလား လုပ်ဆောင်နိုင်ဖို့ ဘယ်အရာက တွန်းအားပေးလဲဆိုတာကို လေ့လာခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

လူတွေရဲ့အထင်မှာတော့ စိတ်ကောင်းတဲ့သူတွေ၊ တာဝန်သိစိတ် ရှိတဲ့သူတွေနဲ့ သဘောထားကြီးတဲ့သူတွေက ပူးတွဲ လုပ်ဆောင်မှုအား ပိုကောင်းကြလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ယခုပြုလုပ်ထားတဲ့ သုတေသနတစ်ခုလုံးကို ခြုံပြီး ကြည့်မယ်ဆိုရင်တော့ ဉာဏ်ကောင်းတဲ့သူတွေက သာမန်လူတွေထက်ပိုပြီး ညီညီညွတ်ညွတ် ပေါင်းစည်း လုပ်ဆောင်နိုင်စွမ်းနဲ့ ပါဝင် ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း ပိုကောင်းကြပါတယ်။ ဒီနေရာမှာ စိတ်ကောင်း၊ နှလုံးကောင်းရှိခြင်းက အကျိုးသက်ရောက်မှု ရှိတယ်ဆိုပေမယ့်လည်း ပြောင်းလဲလွယ်ပြီး အသေးအဖွဲလောက်လေးပဲ ဖြစ်ပါတယ်။

သုတေသနပြုချက်မှာတော့ မတူညီတဲ့ ကစားနည်း (၄) မျိုးနဲ့ အစမ်းသပ်ခံသူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဗျူဟာ အမျိုးမျိုးနဲ့ အခြား ပါဝင်အစမ်းသပ်ခံသူကို လေ့လာရင်း စစ်ဆေးချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ရတဲ့ ဂိမ်းမျိုးတွေ ပါဝင်ပါတယ်။

သိပ္ပံနည်းကျ အချက်အလက်တွေကို အသုံးပြုပြီး ဆက်စပ် တွေးခေါ်ရတဲ့ Prisoner’s Dilemma, Stag Hunt နဲ့ Battle of the Sexes တို့လိုမျိုး ဂိမ်းကစားနည်းတွေကိုလည်း သုတေသနပြုချက်မှာ ပါဝင် အသုံးပြုထားပါတယ်။

ဂိမ်း (၁) ခုချင်းစီတိုင်းမှာ ကစားသူ (၂) ယောက် (၁) ဖွဲ့နဲ့ ရွေးချယ်မှု (၂) ခုကို ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။ ပထမ ရွေးချယ်မှုဖြစ်တဲ့ (A) ကို ရွေးမယ်ဆိုရင် ကစားသူ (၂) ဦးမှာ (၁) ဦးက အကျိုးရှိပြီး ကျန် (၁) ဦးကတော့ နှိပ်စက် ညှင်းပန်းခံရမှာပဲ ဖြစ်ပါတယ်။ ဒုတိယရွေးချယ်မှု (B) ဟာဆိုရင်တော့ (၂) ဦးလုံး သရေကျမယ့် ရွေးချယ်မှုမျိုးဖြစ်ပြီး ရွေးချယ်လိုက်မယ်ဆိုရင်လည်း (၂) ဦးစလုံး ပြစ်ဒဏ်ခံရမှာပဲ ဖြစ်ပါတယ်။ ပထမတစ်ယောက်က (A) ကိုရွေးပြီး နောက်တစ်ယောက်က (B) ကိုရွေးမယ်ဆို (A) ကို ရွေးတဲ့သူက အနိုင်ရမှာဖြစ်ပြီး (B) ကိုရွေးတဲ့သူက ပြစ်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။ အကယ်လို့ နှစ်ဦးလုံးက (A) ကို ရွေးမယ်ဆိုရင်တော့ နှစ်ဦးလုံး အပြစ်ပေးခံရမှာဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးက (B) ကို တစ်ပြိုင်တည်းရွေးခဲ့မယ်ဆိုရင်တော့ နှစ်ဦးလုံး ဆုရရှိမယ့် အခွင့်အရေးကနေ လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပါမောက္ခ ပရိုတိုက “ကျွန်တော်တို့ စမ်းသပ်ချက်မှာလိုပဲ လက်တွေ့ဘဝမှာလည်း မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိခြင်းဟာ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် စုဆောင်းနိုင်ပါတယ်။ ဒါကြောင့်မို့ ရေရှည်မှာ လေ့လာဖို့နဲ့ အတွေ့အကြုံကောင်းတွေ ရရှိနိုင်ဖို့အတွက်လည်း အလားအလာပိုရှိပါတယ်။

ဒီလိုအခြေအနေမျိုးကို လုပ်ငန်းခွင်မှာ ပြန်ပြီး အသုံးချလို့ရပါတယ်။ ဉာဏ်ရည် မြင့်မားတဲ့သူတွေဟာ အကွက်ကျော်မြင်တတ်သလို အဖွဲ့အစည်းနဲ့လည်း ပူးတွဲ လုပ်ဆောင်တတ်ပြီး အခြေခံအားဖြင့် တိုးတက်ဖို့ အခွင့်အလမ်း ပိုမိုများပြားသူတွေလည်း ဖြစ်ကြပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒီသုတေသနပြုချက်ဟာ ကျွန်တော်တို့ လူသားတွေအနေနဲ့ ဉာဏ်ပညာ မြင့်မားတာလား (သို့) ပူးတွဲလုပ်ဆောင်ချင်စိတ် ရှိတာလားပေါ် မူတည်ပြီး ပင်ကိုယ်စရိုက်လား (သို့) ယုံကြည်လို့ရတာလားနဲ့ သဘောထားကြီးတာလား (သို့) ဖော်ရွေတတ်တာလားဆိုတဲ့ အမျိုးမျိုးသော လူ့ သဘောသဘာဝတွေကို အခြေပြုလို့ လူသားတွေအနေနဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုအခြေအနေမျိုးမှာ လိုလိုလားလား လုပ်ဆိုင်ချင်စိတ် ရှိကြလဲဆိုတာကို ဖော်ထုတ် ပြနိုင်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေဟာ သူတို့ရဲ့ပင်ကိုအရည်အသွေးအရ သတင်းအချက်အလက်တွေကို လက်ဦးမှု ရယူနိုင်ပြီး နည်းလမ်းကျကျ ပြင်ဆင်နိုင်တဲ့ အတွက်ကြောင့် နောက်ဆုံးမှာ အောင်မြင်မှုတွေကို ရယူသွားနိုင်တာဖြစ်ကြောင်း သိရှိလာခဲ့ရပါတယ်။

ဒီစမ်းသပ်ချက်ကနေ ရရှိလိုက်တာကတော့ တစ်ယောက်ယောက်ကများ သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ရှေ့ကို ကြိုမြင်တတ်ခဲ့မယ်ဆိုရင် လူမှုအဖွဲ့အစည်းနဲ့ ညီညီညွှတ်ညွှတ် ပူးတွဲလုပ်ဆောင်ရ ပိုလို့အဆင်ချောသွားမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဟေးလ်ဒယ်လ်ဘတ်ဒ် တက္ကသိုလ်ရဲ့ Ph.D. အန်းဒစ် ဆိုဖီယာနိုးစ် (Andis Sofianos) ကလည်း ယခု သုတေသနပြုချက်ရဲ့ အရေးကြီးဆုံးရင်းမြစ်ဟာ ပညာရေး အခန်းကဏ္ဍပဲဖြစ်ကြောင်းကို “ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ဉာဏ်ရည်ဉာဏ်သွေး မြင့်မားအောင် ပျိုးထောင်ပေးခြင်းဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု သပ်သပ်မဟုတ်ပဲ အနာဂတ်မှာ လူ့ဘောင် အဖွဲ့အစည်းနဲ့ ပူးတွဲ လုပ်ဆောင်ရတဲ့အခါ အထောက်အကူ ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: news republic “Being nice may not be the key to success, researchers find – but what is?”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top