စာဖတ်ဝါသနာထုံတဲ့ ကလေး လေးတွေဖြစ်လာဖို့ မိဘတွေအနေနဲ့ ဘယ်လိုပျိုး ထောင်ပေးနိုင်မလဲ

3-7-2020-yyl-022.jpg

မိမိကလေးငယ်ကို စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်ပေးလိုက်တာဟာ အနာဂတ်မှာ ကလေးငယ်ရဲ့အိမ်မက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ တွေးခေါ်မှုပိုင်းဆိုင်ရာတွေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေအထိပါ အထောက်အကူဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ စာဖတ်ဝါသနာထုံတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်နိုင်မလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဆက်လက်လေ့လာကြည့်လိုက်ရအောင်နော်။

၁။ မိမိကိုယ်တိုင် စာဖတ်ဝါသနာပါသူအဖြစ် နမူနာပြပေးပါ

ကလေးတွေအနေနဲ့ သူတို့မိဘတွေက ပျော်ရွှင်မှုကိုရရှိဖို့အတွက် စာဖတ်ကြတယ်လို့သိတဲ့အခါ သူတို့တွေရဲ့အမြင်မှာလည်း ကျွန်တော်တို့တွေ အချိန်ကို ဘယ်လိုအသုံးချနေလဲဆိုတဲ့ တန်ဖိုးရှိတဲ့အသိကို ပေးပို့ပြီးသားဖြစ်သွားပါတယ်။ ကလေးတွေနဲ့ ဆွေးနွေးမှုပြုလုပ်တဲ့အခါမှာလည်း စာဖတ်ခြင်းက အထောက်အကူဖြစ်စေပါတယ်။ သူတို့တွေအနေနဲ့ ဘယ်လိုစာပေမျိုးကို ဖတ်သင့်ပြီး ကျွန်တော်တို့တွေကတော့ ဘယ်လိုစာပေမျိုးကို ဖတ်နေကြတယ်ဆိုတာကိုလည်း ၎င်းတို့နဲ့စကားပြောဆိုရင်း လမ်းပြပေးနိုင်ပါတယ်။ လေ့လာသင်ယူခြင်းဆိုတာဟာ ဘဝတစ်လျှောက်လုံး ပြုလုပ်နေရမယ့်အရာဖြစ်ပြီး ကျောင်းပြီးလို့စာပြီးသွားပြီ မဟုတ်ဘူးဆိုတာကို ဒီလိုပြုလုပ်ပေးခြင်းကနေတစ်ဆင့် ပြသပေးနိုင်ပါတယ်။

၂။ စာဖတ်ခြင်းမှ တစ်ဆင့်ပျော်ရွှင်မှုကို ရှာဖွေပေးပါ

ကလေးတွေကို စာဖတ်ဖို့ တွန်းအားမပေးပါနဲ့။ သူတို့လေးတွေငြီးငွေ့လာပြီဆိုရင် အနားပေးလိုက်ပါ။ ပျော်ပျော်ရွှင်ရွင်နဲ့ စိတ်ဝင်စားမှုရှိရှိ လေ့လာတာနဲ့ တွန်းအားပေးလို့လေ့လာတာက မတူညီသလို ရလဒ်ကလည်းကွဲပြားပါတယ်။ ဒါကြောင့်မို့လို့ သင့်ကလေးအတွက် ပျော်ပျော်ရွှင်ရွင်နဲ့ စာလေ့လာချင်စိတ်ရှိလာစေမယ့် နည်းလမ်းကို အရင်ရှာဖွေကြည့်ပါ။

၃။ ကလေးတွေဖတ်ချင်တာကိုပဲ ပေးဖတ်လိုက်ပါ

မိဘတွေက ကလေးတွေကို ဒါပဲဖတ်၊ ဖေဖေတို့ မေမေတို့ရွေးပေးတာပဲဖတ်ဆိုပြီး ပိတ်ပင်လိုက်တဲ့အခါ သူတို့လေးတွေက ဖတ်မယ့်စာအုပ်ကို စိတ်ဝင်စားမှုလျော့နည်းသွားတတ်ပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် စာဖတ်ရတာကိုလည်း ပျင်းရိသွားတတ်ပါတယ်။ တစ်ခါတစ်လေ မိဘနဲ့သားသမီးကြားမှာလည်း စိတ်ဝင်စားမှုတွေက မတူညီနိုင်ပါဘူး။ ၎င်းတို့စိတ်ကြိုက်ပေးရွေးလိုက်ပါ။ တစ်ချို့စာအုပ်တွေက သူတို့ရဲ့အသက်အရွယ်၊ ဥာဏ်ရည်နဲ့ မကိုက်ညီနိုင်သေးဘူးဆိုရင်လည်း အစမ်းပေးဖတ်လိုက်ပါ။ နောက်ပိုင်းဘယ်လို စာအုပ်မျိုးတွေက သူတို့နဲ့သင့်တော်တယ်ဆိုတာကို သင်တောင်ရွေးပေးစရာမလိုပဲ ကိုယ်တိုင်ရွေးချယ်တတ်သွားပါလိမ့်မယ်။

၄။ စာဖတ်ခွင့်ပေးလိုက်ပါ

အိပ်ခါနီးစာဖတ်တတ်တဲ့ အလေ့အကျင့်ကို မပိတ်ပင်ပါနဲ့။ ကလေးက အရမ်းဖတ်ချင်နေတယ်ဆို နာရီဝက်လောက်ဖြစ်ဖြစ် ပေးဖတ်လိုက်ပါ။ နောက်ပိုင်းအသက်ကြီးလာတဲ့အခါ ဒီအရာကအထောက်အကူဖြစ်ပါလိမ့်မယ်။ မအိပ်ခင်ဖုန်းသုံးတာထက် စာအုပ်လေးဖတ်ပြီး အိပ်မယ့်ကိုယ့်သား၊ သမီးအတွက် ဂုဏ်ယူလိုက်ပါ။

၅။ မက်လုံးပေးပါ

မိဘတွေအနေနဲ့ ပြုလုပ်နိုင်တဲ့ နောက်ထပ်လှည့်ကွက်တစ်ခုရှိပါသေးတယ်။ ရုပ်ရှင်မကြည့်ခင် အဲ့ရုပ်ရှင်အကြောင်းရေးထားတဲ့ စာအုပ် ဒါမှမဟုတ် ဝတ္ထုတွေကို အရင်ဖတ်ခိုင်းတာမျိုးပါ။ ဒီအရာက ကလေးတွေစာဖတ်ချင်စိတ်ရှိလာစေဖို့ အကြောင်းရင်းတစ်ခုဖြစ်သလို သင်တို့မိသားစုထဲမှာလည်း ရုပ်ရှင်နဲ့ပတ်သတ်လို့ အတွေးအမြင်ကြွယ်ဝလာနိင်ပါတယ်။ စာအုပ်နဲ့ ရုပ်ရှင်ကြား ဘာတွေကွဲပြားခြားနားလဲဆိုတာရယ်၊ နှစ်ခုယှဉ်ရင် ဘယ်ဟာပိုကြိုက်မလဲဆိုတာတွေရယ်ကို ဆွေးနွေးနိုင်ပါတယ်။

၆။ စာဖတ်ရတာပျော်တဲ့ မိသားစုလေးအဖြစ် ဖန်တီးထားပါ

တစ်ယောက်က စာဖတ်ပြတာကို တစ်မိသားစုလုံးနားထောင်တာမျိုး (သို့) သင့်ကလေးနဲ့အတူအိပ်ယာ ယာဝင်ပုံပြင်ဖတ်တာမျိုး ပြုလုပ်ပေးကြည့်ပါ။ မိသားစုစကားဝိုင်းထဲ မိမိဖတ်ထားတဲ့ စာအုပ်တွေအကြောင်း ထည့်ပြောပြပေးပါ။ အရေးကြီးတဲ့အချက်အနေနဲ့ ကလေးစိတ်ဝင်စားနိုင်လောက်တဲ့ အကြောင်းအရာတွေကစလို့ ကောင်းမွန်တဲ့ ဆွေးနွေးချက်တွေဆီကိုသာ ဦးတည်ပေးသင့်ပါတယ်။

Ref: Pinterest “Raising kids who love to read”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top