ဖျားနာခြင်းတွေမဖြစ်ဖို့ သင့်ရဲ့ဖုန်းကို ပိုးသတ်သန့်စင်ပေးကြရအောင်

14-11-2020-yyl-020.jpg

ကပ်ရောဂါကြီးမှာ နေထိုင်နေရင်းနဲ့ လက်ဆေးတာ၊ ထိတွေ့မှုများတဲ့နေရာတွေကို သန့်စင်ပေးတာလို့ အလေ့အကျင့်ကောင်းတချို့ကို သင်ယူရရှိကြပါတယ်။ ရောဂါအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အိမ်ထဲမှာလည်း သေချာပိုးသတ်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ထိတွေ့မှုများတဲ့ပစ္စည်းတော်တော်များများကို ပိုးသတ်သန့်စင်ပေးတာက ကိုဗစ်အန္တရာယ်ကိုလည်း ကာကွယ်ရာရောက်သလို အလွယ်တကူဖျားနာတာတွေလည်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထဲမှာနေရင် ကျွန်တော်တို့ ထိတွေ့မှုများနေတဲ့အရာကတော့ ဖုန်းပါပဲ။ ဒါကြောင့် ရောဂါပိုးမွှားအန္တရာယ်ကို ကာကွယ်ဖို့အတွက် ဖုန်းတွေကိုလည်း ပိုးသတ်သန့်စင်ပေးရမှာဖြစ်ပါတယ်။ ဖုန်းကို ပိုးသတ်သန့်စင်ပေးဖို့အတွက် ကျွန်တော်တို့တွေ မေ့လျောနေတတ်ကြပါတယ်။

ဖုန်းတွေက အိမ်သာခုံတွေထက် ရောဂါပိုးမွှားတွေ ပိုပြီး သယ်ဆောင်ပါတယ်

ပျမ်းမျှအားဖြင့် လူအများစုက သူတို့ရဲ့ဖုန်းတွေကို တစ်နေ့ ၉၆ ကြိမ်လောက် ကိုင်ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဖုန်းတွေကို သင့်လက်တွေနဲ့ သတိလက်လွှတ်ကိုင်လို့ရတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေက ဈေးသွားဝယ်တဲ့အခါ၊ တံခါးလက်ကိုင်ကို ကိုင်တဲ့အခါ ကျွန်တော်တို့ရဲ့လက်တွေကို ရောဂါပိုးမွှားတွေရှိနေတဲ့နေရာတွေနဲ့ ထိတွေ့မှုများပါတယ်။ ညစ်ပတ်တဲ့လက်တွေနဲ့ သင့်ဖုန်းကို ကိုင်လိုက်တဲ့အခါတိုင်း ရောဂါပိုးမွှားတွေက ဖုန်းစကရင်ဆီ ကူးပြောင်းသွားပါတယ်။ ဖုန်းပြောရင်း သင့်နားနဲ့ပါးစပ်နားကပ်ပြီးကိုင်တဲ့အခါ သင့်ကို အလွယ်တကူဖျားနာသွားစေနိုင်တဲ့ အမျိုးမျိုးသောဘတ်တီးရီးယားပိုးတွေ ကပ်ညှိလာနိုင်ပါတယ်။

သင့်ဖုန်းက ဘယ်လောက် ညစ်ပတ်သလဲ

သင့်ဖုန်းက တစ်နေ့တာ ထိတွေ့ရတဲ့ အညစ်ပတ်ဆုံးအရာတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ University of Arizona ရဲ့သုတေသီတွေ ပြုလုပ်ခဲ့တဲ့ ၂၀၀၇ခုနှစ်က လေ့လာချက်အရတော့ ဖုန်းတွေက အိမ်သာခုံတွေထက် ဘတ်တီးရီးယားပိုးမွှားတွေကို ၁၀ ဆ သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ လူအများစုက ဖုန်းတွေကို မသန့်စင်တဲ့အတွက် ဘတ်တီးရီးယားပိုးမွှားတွေက ဆက်လက်ပေါက်ဖွားနေတာကြောင့် အခုလိုဖြစ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် သင့်ဖုန်းတွေကို ပုံမှန်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။

ဖုန်းကို ဘယ်လိုပိုးသတ်သန့်စင်မလဲ

မျက်နှာပြင်တော်တော်များများကို သန့်စင်ဆေးကြောဖို့အတွက် ဆပ်ပြာနဲ့ရေက အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းကို သန့်စင်တဲ့အခါ ရေကို အသုံးပြုလို့မရနိုင်တဲ့အတွက် alcohol wipe ကို အသုံးပြုပြီး သန့်စင်ပေးတာအကောင်းဆုံးပါပဲ။ ဒီလို Wipe အမျိုးအစားတွေက ဖုန်းမျက်နှာပြင်မှာရှိတဲ့ ရောဂါပိုးမွှားတွေနဲ့ ဘတ်တီးရီးယားပိုးအများစုကို အလွယ်တကူသတ်ပေးနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ ဆီတွေပေနေတယ်ဆိုရင် မျက်နှာပြင်ကို သေချာသန့်စင်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ရောဂါပိုးမွှားတွေကို ဖယ်ရှားဖို့အတွက် ပိုခက်လာနိုင်ပါတယ်။ ဖုန်းကို သေချာသန့်စင်နိုင်ဖို့အတွက် အရင်ဆုံး ဖုန်းကာဗာကို ချွတ်ပြီး ဖုန်းနဲ့ ကာဗာနှစ်ခုလုံးကို ချည်သားအဝတ်စနဲ့သန့်စင်ပေးပါ။ အဲဒီနောက်မှာ alcohol wipe ကို ယူပြီး ဖုန်းကို သေချာသန့်စင်ပေးနိုင်ပါတယ်။

ဖုန်းကို တစ်နေ့ ဘယ်နှစ်ကြိမ်လောက် သန့်စင်ပေးသင့်လဲ

ဖုန်းကို တစ်နေ့ အကြိမ်များစွာ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ သင့်လက်ကို သန့်စင်ဆေးကြောပြီးမှ ဖုန်းကို တစ်နေ့ ၂ ကြိမ် ၃ ကြိမ် သန့်စင်ပေးနိုင်ပါတယ်။ သင့်အနီးနားမှာ ချောင်းဆိုး၊ နှာချေနေတဲ့သူရှိတယ်ဆိုရင် ဖုန်းကို အမြဲတမ်း ပိုးသတ်သန့်စင်ပေးတာအကောင်းဆုံးပါပဲ။

Ref: How and when to disinfect your phone to avoid the risk of falling ill

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top