ဥရောပလိဂ် ပွဲစဉ်တွေ အတွက် ပွဲပြီးသုံးသပ်ချက်

29103870_1790027284361517_2013451333738168320_o.jpg

ဒီတစ်ပတ် ဥရောပလိဂ် ပွဲစဉ်တွေမှာ မန်ယူက လီဗာပူးကို အနိုင်ရခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးတို့လည်း

နိုင်ပွဲတွေ ရခဲ့ကြပါတယ်။ ဝက်ဖို့ဒ်ကို (၃)ဂိုးပြတ် နိုင်တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့နည်းပြ အာစင်ဝင်းဂါး စံချိန်မှတ်တမ်း တော်တော်များများရေးထိုးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ မှတ်တမ်းသစ်တွေက ဘာတွေများ ဖြစ်မလဲ။

မန်ယူ ၂-၁ လီဗာပူး

ကြံ့ခိုင်မှု မပြည့်ဝလို့ ပေါ့ဘာ မပါဝင်နိုင်တဲ့ မန်ယူအသင်း ကွင်းလယ်မှာမာတစ်နဲ့ တိုမီနေးကို အသုံးပြုခဲ့ပြီး လူကာကူကို အထောင်ထားတဲ့ (၄-၂-၃-၁)ပုံစံ ကစားခဲ့ပါတယ်။ လီဗာပူးကတော့ မာနေး၊ ဆာလက်၊ ဖာမီနိုတို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေး မရခဲ့ပါဘူး။ ပွဲချိန်(၁၄)မိနစ်မှာ လူကာကူ ချပေးတဲ့ဘောလုံးကို ရက်ရှ်ဖို့ဒ် ဆွဲပြေးပြီး လီဗာပူးအသင်း ဧရိယာထဲမှာ အလက်ဇန္ဒားအာနိုးကို တစ်ချက်ခေါက် ကန်သွင်းခဲ့လို့ မန်ယူအသင်း အဖွင့်ဂိုး ရခဲ့ပါတယ်။ ပွဲချိန်(၂၂)မိနစ်မှာထောင့်ကန်ဘောကနေ ဗန်ဒစ်ခ် အခွင့်အရေးရခဲ့ပေမယ့် ခေါင်းတိုက်တာ 
ပခုံးနဲ့ထိသွားလို့ ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။

ပွဲချိန်(၂၃)မိနစ်မှာ လူကာကူ၊ မာတာတို့ရဲ့ တွဲလုံးကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ရက်ရှ်ဖို့ဒ်က ပထမဂိုးသွင်းတဲ့ နေရာကနေ ကန်သွင်းနိုင်ခဲ့လို့ မန်ယူ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ပွဲချိန်(၃၇)မိနစ်မှာ ဆန်းချက်ဇ် တင်ပေးလိုက်တဲ့ ဘောလုံးကို မာတာ လွတ်လွတ်ကျွတ်ကျွတ် အနေအထား နောက်ပြန်ကန်သွင်းရာမှာ သူ့ရဲ့ကန်ချက် လွဲချော်သွားခဲ့ပါတယ်။ အက်ရှ်လေယန်း၊ မာတစ်၊ ရက်ရှ်ဖို့ဒ်တို့ (၃)ယောက် ထိန်းထားလို့ ဆာလက် မလှုပ်နိုင်သလို လီဗာပူး တိုက်စစ်ပိုင်းကလည်း မန်ယူအသင်း (၁၈)ကိုက်စည်းထဲအထိ မထိုးဖောက်နိုင်ခဲ့ပါဘူး။ ပွဲချိန်(၆၆)မိနစ်မှာ မာနေးရဲ့ဖြတ်တင်ဘောကို ဘိုင်လီ တားဆီးရင်းနဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိလို့ လီဗာပူးအသင်း ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပေမယ့် ဂိုးထပ်သွင်းနိုင်ခဲ့ခြင်း မရှိလို့ (၂-၁)ရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။ မန်ယူဟာ ဒီရာသီ ထိပ်သီး(၆)သင်းနဲ့တွေ့ဆုံတဲ့ ပွဲစဉ်(၈)ပွဲမှာ (၄)ပွဲနိုင်၊ (၃)ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပါတယ်။

အာဆင်နယ် ၃-၀ ဝက်ဖို့ဒ်

ပွဲအစ(၂)မိနစ်မှာပဲ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အူဘာမီယန်း ကန်သွင်းတာကိုဝက်ဖို့ဒ် ဂိုးသမား ကာနီဇစ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇)မိနစ်မှာ အိုဇေးလ်ရဲ့ပြစ်ဒဏ်ဘော ကန်ချက်ကို မူစတာဖီ ခေါင်းတိုက်သွင်းခဲ့လို့ အာဆင်နယ်အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကြောင့် အာဆင်နယ်ဟာ မန်ယူပြီးရင် အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ဂိုး(၁၀၀၀)အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။

ဒီနောက်မှာ ဝက်ဖို့ဒ် ကွင်းလယ်လူ ပါရဲရား အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အံ့အားသင့်စရာကောင်းအောင် လွဲချော်ခဲ့သလို အိုဇေးလ်ရဲ့ကန်ချက် ဂိုးသမား ကာနီဇစ်ခြေထောက်နဲ့ ထိထွက်ခဲ့ပါတယ်။ ပွဲချိန်(၅၈)မိနစ်မှာ အမ်ခီတာရန် ထိုးပေးတဲ့ဘောလုံးကို အူဘာမီယန်း လူကျွံထောင်ချောက်ထဲကနေ ပြေးထွက်ရယူပြီး ဂိုးသမားကိုကျော်ဖြတ်သွင်းယူခဲ့လို့ အာဆင်နယ် ဒုတိယဂိုး ရခဲ့ပါတယ်။ ပွဲချိန်(၆၁)မိနစ်မှာ ဝက်ဖို့ဒ်အသင်းပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဒီနေးရဲ့ကန်ချက်ကို ပီတာချက် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ပီတာချက်ဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ပင်နယ်တီ ကာကွယ်နိုင်ခဲ့တာပါ။ ပွဲချိန်(၇၆)မိနစ်မှာ အူဘာမီယန်းရဲ့ ဖန်တီးမှုကနေအမ်ခီတာရန်က ကန်သွင်းပြီး အာဆင်နယ်အတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့တာပါ။ အာဆင်နယ် ဂိုးသမား ပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပေးဂိုးမရှိပွဲစဉ်(၂၀၀)ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ဂိုးသမားဖြစ်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ကစားခဲ့တုန်းက (၁၆၂ပွဲ)၊ အာဆင်နယ်မှာ (၃၈)ပွဲအထိ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲဟာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက် ပွဲ(၇၀၀)မြောက်နိုင်ပွဲဖြစ်ပါတယ်။

ချဲလ်ဆီး ၂-၁ ခရစ္စတယ်ပဲလေ့စ်

ဂျီရုဒ်ကို အထောင်ထားပြီး ဟာဇက်၊ ဝီလျံ၊ ကန်တီ၊ ဖာဘရီဂတ်စ်တို့နဲ့ ပွဲထွက်လာခဲ့တဲ့ ချဲလ်ဆီးဟာ အခွင့်အရေးတော်တော်များများရရှိခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ် ဂိုးသမားဟန်နက်ဆေး လက်စွမ်းပြခဲ့တာ၊ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူတွေ ရှင်းထုတ်နိုင်ခဲ့တာ၊ တိုင်ထိထွက်ခဲ့တာတွေကြောင့် ဂိုးပြတ်နိုင်ပွဲမရခဲ့တာပါ။ ပွဲချိန်(၂၅)မိနစ်မှာ ဝီလျံရဲ့ ဧရိယာထိပ် ကန်ချက်ကနေ ချဲလ်ဆီး ဂိုးစရခဲ့ပြီး နောက်(၇)မိနစ်အကြာမှာ ဇာပါကော်စတာရဲ့ကန်ချက် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ကယ်လီနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ ချဲလ်ဆီး ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန်မိနစ်(၉၀)မှာ ဗန်အန်ဟော့က သွင်းယူခဲ့တာပါ။

ဘုန်းမောက် ၁-၄ စပါး

ပွဲစကတည်းက တိုက်စစ်ဆင်ခဲ့တဲ့ ဘုန်းမောက်ဟာ ပွဲချိန်(၂)မိနစ်မှာ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် စတန်နီစလက် ပိတ်သွင်းတဲ့ဘောလုံး ဘားထိထွက်ခဲ့လို့ နစ်နာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်(၇)မိနစ်မှာတော့ စတန်နီစလက်က ဂိုးဧရိယာထဲကနေ အဝေးတိုင်ဘက်ကိုမြေလိမ့်ဘော ကန်သွင်းပြီး ဘုန်းမောက်အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန်(၃၄)မိနစ်မှာ အူရီယာရဲ့ ဖြတ်တင်ဘောကနေ ဒယ်လီအလီက ပိတ်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။ စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန်(၆၂၊ ၈၇)မိနစ်တွေဟာ ဟောင်မင်ဆန်နဲ့ ထပ်ဆောင်းအချိန်ပိုမှာ အူရီယာက သွင်းယူခဲ့တာပါ။

အီဘာ ၁-၂ ရီးရဲလ်

ရီးရဲလ်ဟာ ဘန်ဇီမာကို အနားပေးပြီး ရော်နယ်ဒို၊ ဘေးလ် အတွဲအဖက်နဲ့ ပွဲထွက်ခဲ့ပါတယ်။ပွဲချိန်(၃၄)မိနစ်မှာ မိုဒရစ်ရဲ့ တိကျသေသပ်တဲ့ ပေးပို့မှုကနေ ရော်နယ်ဒိုက ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး အဖွင့်ဂိုး သွင်းခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန်(၅၀)မိနစ်မှာ ထောင့်ကန်ဘောကနေ ရာမစ်က ခေါင်းတိုက်ဂိုး သွင်းယူခဲ့လို့ အီဘာ ချေပဂိုးရခဲ့ပြီး ရီးရဲလ် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်(၈၄)မိနစ်မှာ ကာဗယ်ဂျယ်ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကနေ ရော်နယ်ဒိုက ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အနိုင်ဂိုး သွင်းခဲ့တာပါ။ ရာသီအစပိုင်းမှာ ဂိုးသွင်းနှုန်းကျဆင်းခဲ့တဲ့ ရော်နယ်ဒိုဟာ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ဂိုးပေါက်တွေ့နေပြီး အခုအချိန်မှာ လာလီဂါသွင်းဂိုး(၁၈)ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ တတိယနေရာ ရပ်တည်နေပါတယ်။

မာလာဂါ ၀-၂ ဘာစီလိုနာ

ဇနီးဖြစ်သူ တတိယမြောက် ရင်သွေးမွေးဖွားခဲ့လို့ မက်ဆီ မပါဝင်နိုင်တဲ့ ဘာစီလိုနာဟာကော်တင်ဟို၊ ဆွာရက်ဇ်၊ ဒမ်ဘီလီတို့ တိုက်စစ်အတွဲအဖက်ကို အသုံးပြုခဲ့ပါတယ်။ ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့တဲ့ ဘာစီလိုနာဟာ ပွဲချိန်(၁၅)မိနစ်မှာ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ဂျော်ဒီအယ်ဘာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်ဇ်က ခေါင်းတိုက်ဂိုးသွင်းယူခဲ့တာပါ။ ပွဲချိန်(၂၈)မိနစ်မှာ ဒမ်ဘီလီရဲ့ ဖန်တီးမှုကနေကော်တင်ဟိုက အနီးကပ်အနေအထားကနေ နောက်ပေါက်နဲ့ပိတ်သွင်းပြီး ဘာစီလိုနာအတွက် ဒုတိယဂိုး ယူပေးခဲ့တာပါ။ ဘာစီလိုနာဟာ ဒီပွဲမှာ အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းမသေသပ်တာ၊ မာလာဂါဂိုးသမား ဂျင်မီနက်ဇ် လက်စွမ်းပြခဲ့တာတွေကြောင့် ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။

စီးရီးအေ

ဒီတစ်ပတ် စီးရီးအေပွဲစဉ်တွေမှာ ဂျူဗင်တပ်၊ ရိုးမား၊ အေစီမီလန်တို့ နိုင်ပွဲရခဲ့ကြပြီး အင်တာမီလန်နဲ့ နာပိုလီပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၂၇) မှာ ရိုးမားကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရတဲ့နာပိုလီအတွက်တော့ နှစ်ပွဲဆက်တိုက် အမှတ်လျော့ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာတော့ အမ်မိုဘိုင်းက (၂၃)ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဘွန်ဒက်စ်လီဂါ

ဘိုင်ယန်မြူးနစ်အသင်း ဂိုးပြတ်နိုင်ပွဲရခဲ့သလို ဒုတိယနေရာက ရှော်လ်ကေး၊ တတိယနေရာက ဒေါ့မွန်တို့လည်း နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယနေရာကရှော်လ်ကေးကို အမှတ်(၂၀)ဖြတ်ထားလို့ ချန်ပီယံဆုအတွက် စိတ်လှုပ်ရှားစရာမရှိတော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်(၃)နေရာအတွက် (၈)မှတ်ပဲကွာတဲ့ အသင်း(၆)သင်း အပြိုင်အဆိုင်ဖြစ်နေတဲ့ အနေအထားကတော့ စိတ်ဝင်စားစရာပါ။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးက (၂၃)ဂိုးနဲ့ ဂိုးသွင်းဘုရင်ဖြစ်ဖို့ အလားအလာကောင်းနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top