အိမ်ရာမဲ့တွေအတွက် အလုပ်အကိုင် ဖန်တီးပေးနေတဲ့ အထက်တန်း ကျောင်းသား

hischool_001.jpg

အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက အိမ်ရာမဲ့တွေကို အလုပ်အကိုင် ဖန်တီးပေးပြီး ဝင်ငွေရအောင် ကူညီပေးနေတဲ့အကြောင်း ကြားမိလို့ အံ့ဩရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့မှာ နေထိုင်တဲ့ ကီဗင်ဘာဘာဟာ အိမ်ရာမဲ့တွေကို လုပ်ခပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းတဲ့ စမ်းသပ် စီမံကိန်းတစ်ခု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နယူးမက္ကစီကိုပြည်နယ် အယ်ဘူကွာကေးမြို့ မှာ တောင်းရမ်းစားသောက်သူတွေကို လုပ်ခပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းတဲ့ စီမံကိန်း အကြောင်း ရိုက်ကူးထားတဲ့ TED Talk ဗီဒီယိုကြည့်ရင်း ဆန်ဒီယာဂိုမြို့မှာ အလားတူ အစီအစဉ်တစ်ခုလုပ်ဖို့ သူ အကြံရခဲ့တာပါ။ ဆန်ဒီယာဂိုမြို့ဟာ အမေရိကန်နိုင်ငံမှာ အိမ်ရာမဲ့လူဦးရေ စတုတ္ထအများဆုံးဖြစ်ပါတယ်။

Wheels of Change လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်မှာ ကီဗင်ဘာဘာရဲ့အမေလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ သူတို့သားအမိ နှစ်ဦးဟာ ဒေသခံအစိုးရအဖွဲ့ကို ဆက်သွယ် အကြောင်းကြားပြီး ဒီအစီအစဉ်ကို စမ်းသပ်လုပ်ဆောင် နေတာ ၆ လကြာခဲ့ပါပြီ။

ဒီအစီအစဉ်မှာ ပါဝင်တဲ့အိမ်ရာမဲ့တွေဟာ တစ်နာရီလုပ်ခ အမေရိကန်ဒေါ်လာ ၁၁.၅၀ ရရှိကြပါတယ်။ အိမ်ရာမဲ့တွေကို လုပ်ခပေးဖို့ ကီဗင်ဘာဘာရဲ့အမေက ငွေကြေး ထောက်ပံ့ပေးထားတာဖြစ်ပြီး ရန်ပုံငွေ လှုပ်ရှားမှုတစ်ရပ်ကိုလည်း တည်ထောင်ထားပြီလို့ သိရပါတယ်။
အခုအချိန်မှာ Wheels of Change အစီအစဉ်ကို ရှေ့ဆက်အကောင်အထည် ဖော်နိုင်ရေးအတွက် ဆန်ဒီယာဂိုမြို့ အာဏာပိုင်တွေက ငွေကြေး ထောက်ပံ့ပေးဖို့ စဉ်းစားနေသလို ဒေသခံနိုင်ငံရေးသမားတွေ ကလည်း ဒီကိစ္စအတွက် ဆွေးနွေးနေကြပါပြီ။

အိမ်ရာမဲ့တွေကို သန့်ရှင်းရေးအလုပ် ဖန်တီးပေးပြီး ဆန်ဒီယာဂိုမြို့ သန့်ရှင်းရေးဌာနအပေါ် ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာလျော့ပါးစေတဲ့ အစီအစဉ်က နှစ်ဦးနှစ်ဘက် အကျိုးရှိစေတဲ့ကိစ္စပဲလို့ မြို့တော်ကောင်စီဝင် စကော့ရှာမန်းက ချီးကျူးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top