မိဘတွေက ကလေးတွေကို အိမ်အလုပ်တွေ ဘာလို့ ကူလုပ်ခိုင်းသင့်တာလဲ

9-9-2020-yyl38.jpg

“ကလေးက ငယ်သေးတယ်… အိမ်အလုပ်တွေကူမလုပ်ခိုင်းပါနဲ့ဦး” လို့ ပြောတာတွေ ကြာဖူးကြမှာပါ။ မိဘတွေကလည်း သားသမီးတွေ ပင်ပန်းမှာဆိုးတဲ့အတွက် ၊ မခိုင်းရက်တဲ့အတွက် ကလေးကို ငယ်ငယ်လေးကတည်းကနေ အိမ်အလုပ်တွေ ကူမလုပ်ခိုင်းခဲ့ကြပါဘူး။ တချို့မိဘတွေက ကလေးတွေဟာ ငယ်တုန်း ပျော်ပျော်နေစေဖို့ အိမ်အလုပ်တွေ မခိုင်းသင့်ဘူးလို့ ထင်ကြပေမယ့် တချို့ကတော့ ငယ်တုန်း အိမ်အလုပ်တွေ ကူခိုင်းတာက တာဝန်ယူစိတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာချင်စိတ် ဖြစ်လာနိုင်တယ်လို့ ခံယူထားကြပါတယ်။

ကလေးတွေကို မိဘတွေနဲ့အတူ အိမ်အလုပ်ကူလုပ်ခိုင်းတာက ကောင်းတဲ့အကြံဉာဏ်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ သူတို့ကို ခက်ခဲတဲ့အလုပ်တွေ မလုပ်ခိုင်းဘဲ ပန်းပင်ရေလောင်းတာ၊ အဝတ်ခေါက်တာလို ပေါ့ပါးတဲ့အလုပ်တွေကို ကူလုပ်ခိုင်းတာက မကောင်းတဲ့အရာမဟုတ်ပါဘူး။ ကလေးတွေကို ငယ်ငယ်လေးကတည်းက မိဘတွေကို အလုပ်ကူလုပ်ပေးခိုင်းတာက ရေတိုရေရှည်အတွက်ရော အကျိုးရှိပါတယ်။ ကလေးတွေကို တစ်နေ့တာတာဝန်တွေကိုလည်း နားလည်သွားအောင် ကူညီပေးမှာဖြစ်တဲ့အပြင် မိသားစုနဲ့ အခြားသူတွေပေါ်မှာလည်း ယုံကြည်ချက်ရှိရှိနဲ့ တာဝန်ယူချင်စိတ်ရှိလာစေနိုင်ပါတယ်။ ဒီအချက်တွေအပြင် မိဘတွေက ကလေးတွေကို အိမ်အလုပ်ကူလုပ်ခိုင်းသင့်လဲဆိုတဲ့ နောက်ထပ်အကြောင်းအရင်းတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

တာဝန်ယူချင်စိတ်ရှိလာမယ်

မိဘတွေက ကလေးတွေကို အိမ်အလုပ်ကူခိုင်းပြီး သူတို့အတွက် လုပ်ရမယ့်အလုပ်တွေ သတ်မှတ်ပေးတာက သူတို့ကို တာဝန်ယူစိတ်ဖြစ်လာစေနိုင်ပါတယ်။ တာဝန်ယူစိတ်ရှိဖို့ကလည်း ဘဝမှာ အရေးကြီးတဲ့အရာပါပဲ။ အိပ်ရာသိမ်းတာ၊ ရေဗူးရေဖြည့်တာတွေက ကိစ္စအသေးအမွှားဖြစ်တဲ့အတွက် ကလေးတွေလုပ်ရတာ လွယ်ကူနိုင်ပါတယ်။ သူတို့ကို အဖွဲ့နဲ့ လုပ်နိုင်အောင် တာဝန်တွေ ကိုယ်စီယူပြီးလုပ်ရတယ်ဆိုတာကိုလည်း နားလည်အောင် ကူညီပေးနိုင်ပါတယ်။

ပစ္စည်းတွေကို အစီအစဉ်တကျထားတတ်လာမယ်

အစီအစဉ်ချတာက လူတွေရဲ့သက်တမ်းတစ်လျှောက်မှာ အရေးကြီးတဲ့အချက်ပါပဲ။ ကလေးတွေကို ငယ်တုန်းမှာ ဒီအချက်ကို သင်ကြားပေးမယ်ဆိုရင် ကောင်းပါတယ်။ ကလေးတွေ ကြီးပြင်းလာပြီး အလုပ်မျိုးစုံလုပ်ရတဲ့အခါ အရာရာတိုင်းကို အစီအစဉ်တကျလုပ်ဆောင်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ အိမ်အလုပ်တွေမှာ ကလေးတွေက ကူလုပ်မယ်ဆိုရင် အစီအစဉ်တကျလုပ်တတ်တဲ့အကျင့်ကို ရလာနိုင်မှာဖြစ်ပါတယ်။

စာနာသနားတတ်စိတ်ရှိလာမယ်

အခြားသူတွေကို ကူညီပေးတာက သင့်ကလေးတွေမှာ စာနာသနားတတ်စိတ်ရှိလာအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းပါပဲ။ ငယ်ငယ်လေးကတည်းက ကလေးတွေကို မိသားစုဝင်တွေရဲ့အိမ်အလုပ်တွေကို ကူလုပ်ခွင့်ပေးပါ။ ကလေးတွေက ကူလုပ်လို့ အလုပ်ပြီးသွားတဲ့အခါ သူတို့ကို ကျေးဇူးတင်စကား၊ ချီးကျူးစကားဆိုပေးပါ။ အဲဒီလိုပြောပေးတာက အခြားအလုပ်တွေမှာ သူတို့စိတ်ဝင်စားလာအောင် တွန်းအားဖြစ်စေမှာဖြစ်တဲ့အပြင် စာနာတတ်ခြင်းရဲ့အရေးပါမှုကိုလည်း နားလည်သွားမှာဖြစ်ပါတယ်။

အလုပ်ကို ပြီးမြောက်အောင်လုပ်ချင်စိတ်ရှိလာမယ်

ကလေးတွေက သူတို့အလုပ်တွေ ပြီးသွားလို့ ကျေးဇူးတင်စကား၊ ချီးကျူးစကားပြောခံရရင် အလုပ်ကို ပြီးမြောက်အောင် လုပ်ချင်စိတ်တွေ တိုးပွားလာစေနိုင်ပါတယ်။ သူတို့ကို အလုပ်သတ်မှတ်ပေးလိုက်တဲ့အချိန်မှာ သူတို့ ကောင်းကောင်းအလုပ်လုပ်ခဲ့မယ်ဆိုရင် ချီးကျူးစကားကြားရမယ်ဆိုတာ သိတဲ့အတွက် အကောင်းဆုံးကြိုးစားလုပ်ကိုင်ကြမှာပါ။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ကလေးတွေကို အလုပ်ကူလုပ်ခိုင်းသင့်ပါတယ်။

ကိုယ့်အားကိုယ်ကိုးချင်စိတ်ဖြစ်လာမယ်

ကလေးတွေက မိဘတွေအပေါ်မှီတည်နေကြရတာပါ။ ဒါပေမဲ့ ငယ်ငယ်လေးကတည်းကနေ အိမ်အလုပ်တွေ ကူလုပ်ခိုင်းမယ်ဆိုရင် ကြီးလာတဲ့အခါမှာ ကိုယ်အားကိုယ်ကိုးချင်စိတ်ရှိလာမှာပါ။ အရွယ်ရောက်လာတဲ့အခါ မိဘကိုချည်းအားကိုး မှီခိုနေလို့မရပါဘူး။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့အကျင့်လေးကို ငယ်ငယ်လေးကတည်းက နားလည်သိမြင်လာခဲ့မယ်ဆိုရင် ဒီကလေးရဲ့အနာဂတ်လှပနိုင်ပါတယ်။ အခြားသူတွေပေါ်မမှီခိုဘဲ သူတို့ကိုယ်တိုင် အလုပ်တွေကို လုပ်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာစေမှာဖြစ်ပါတယ်။

Ref: 5 reasons why you should encourage your kids to help you in household chores

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top