မိဘမဲ့ဂေဟာမှာ ကွဲကွာသွားပြီး အတူတူမွေးစားခံလိုက်ရတဲ့ မောင်နှမ (၅) ဦး

22-7-2020-yyl-012.jpg

ကံတရားက ဆန်းကျယ်လွန်းပါတယ်။ မိဘမဲ့ဂေဟာမှာ ကွဲကွာခဲ့ကြတဲ့ မောင်နှမ ၅ ယောက်လုံး မိသားစုတစ်စုတည်းရဲ့ မွေးစားခံရပြီး ပြန်ဆုံစည်းကြမယ်လို့ ဘယ်သူများ ထင်မိပါ့မလဲ။ ဒါပေမဲ့ တက္ကဆပ်ပြည်နယ်က မောင်နှမတစ်စုကတော့ မိဘမဲ့ဂေဟာမှာ ကွဲကွာခဲ့ရပေမယ့် အတူတူနေထိုင်ခွင့်ရခဲ့ပါပြီ။ သောမတ် (Thomas)၊ ကာတာ (Carter)၊ ဒေးဗစ် (David)၊ ဂါဘရီရယ် (Gabrielle) နဲ့ ဘရီဆန် (Bryson) တို့ မောင်နှမ (၅) ဦးစလုံးကို အန်ဒီ (Andi )နဲ့ သောမတ်စ် ဘိုနုရာ (Thomas Bonura) လင်မယားနှစ်ယောက်က မွေးစားခဲ့ကြောင်း မေလ (၆) ရက်နေ့က တရားဝင်ကြေညာခဲ့တာပါ။

အန်ဒီနဲ့ သောမတ်စ်တို့မှာ သွေးသားအရင်းအခြား သားသမီး (၃) ဦးရှိတဲ့အတွက် အခုဆိုရင် မိသားစုဝင် (၁၀) ဦးဖြစ်သွားခဲ့ပါပြီ။ “သူတို့က မောင်နှမအရင်းအခြာတွေ ဖြစ်တဲ့အတွက် စကားများစရာလည်းမရှိပါဘူး။ ကလေးတွေက ခက်ခဲကြမ်းတမ်းခဲ့ရပေမယ့် ချစ်စရာကောင်းကြပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းလည်းရှိပါတယ်”လို့ အန်ဒီက ပြောပါတယ်။

အန်ဒီတို့လင်မယားက ကလေးမွေးစားချင်ခဲ့တာပါ။ သူတို့က ကလေးယူဖို့ နှစ်တော်တော်ကြာ အခက်အခဲရှိခဲ့တဲ့အတွက် ခွဲစိပ်ကုသမှုတွေခံယူခဲ့ရပါတယ်။ အန်ဒီက ပထမကိုယ်ဝန် ပျက်ကျခဲ့ပြီးမှ အမြွှာကိုယ်ဝန်ကို ဆောင်ခဲ့ရတာဖြစ်ပါတယ်။ အမြွှာကလေး(၂) ဦးကို (၂၅) ပတ်နဲ့ စောမွေးခဲ့ရတာကြောင့် အမြွှာထဲကတစ်ယောက်က အထူးကြပ်မတ်ကုသခန်းမှာ ကုသမှုခံယူရင်းနဲ့ သေဆုံးခဲ့ရပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အသက်ရှင်နိုင်ခဲ့ပေမယ့် မသန်စွမ်းရောဂါသည် တစ်ယောက်ဖြစ်ခဲ့ရပြီး လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်စကားပြောရပါတယ်။

အဲဒီနောက်မှ အန်ဒီက သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ သမီးနှစ်ယောက်ကလည်း သတ်မှတ်ရက်ထက် စောမွေးခဲ့ရတာကြောင့် နောက်ထပ် ကလေးမယူတော့ဖို့ အန်ဒီနဲ့ သောမတ်စ်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။၂၀၁၇ခုနှစ်မှာ အန်ဒီတို့စုံတွဲက မွေးစားမိဘတွေဖြစ်လာဖို့ လိုင်စင်ရခဲ့ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလမှာ အန်ဒီတို့က အသက် (၂) နှစ်အရွယ် ဘရီဆန် (Bryson) ကို စတင်ခေါ်ယူမွေးစားခဲ့ပါတယ်။ အဲဒီနောက် ဒေးဗစ် (David) နဲ့ ဂါဘရီရယ် (Gabrielle) တို့ကို ထပ်မံမွေးစားခဲ့ပါတယ်။

ဒေးဗစ်တို့ရဲ့အကြီးဆုံးအမြွှာအစ်ကိုတွေဖြစ်တဲ့ သောမတ်စ်နဲ့ ကာတာတို့ကို နောက်ဆုံးမှ မွေးစားခဲ့တာပါ။ အန်ဒီနဲ့ သောမတ်စ်တို့ရဲ့ကလေး (၈) ဦးစလုံးက စက်ဘီးစီးရတာ၊ ဘောလီဘောကစားတာ၊ ကတ်ဂိမ်းကစားတာတွေကို နှစ်သက်သဘောကျပါတယ်။ “သူတို့ ရှိနေရတာ ပျော်စရာကောင်းပါတယ်။ သူတို့က အလွန်တော်တဲ့ကလေးတွေပါပဲ။ ကျွန်မတို့မိသားစု ပြီးပြည့်စုံနေပါပြီ”လို့ အန်ဒီက ပြောပါတယ်။

Ref: ABCNews “5 siblings adopted together after being separated in foster care”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top