တောင်ကိုရီးယားအရာရှိကို ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်အတွက် ကင်ဂျုံအန် တောင်းပန်

25-9-2020-yyl-022.jpg

တောင်ကိုရီးယားအရာရှိတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်းပန်ခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ရှားရှားပါးပါး တောင်းပန်မှုပါ။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ထံ ပေးပို့ခဲ့တဲ့ တောင်းပန်စာထဲမှာ ဒီကိစ္စက မဖြစ်သင့်ဘူးလို့ ကင်ဂျုံအန်က ရေးသားထားပါတယ်။ မွန်ဂျေအင်ကို စိတ်မသက်မသာဖြစ်အောင် လုပ်မိခဲ့တဲ့အတွက်လည်း အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ ကင်ဂျုံအန်က ရေးသားထားကြောင်း အိမ်ပြာတော်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အသက် ၄၇ နှစ်ရှိတဲ့ တောင်ကိုရီးယားအရာရှိတစ်ယောက်က တောင် – မြောက် နှစ်နိုင်ငံ ရေပိုင်နက်ကနေ မြောက်ကိုရီးယားပိုင်နက်ထဲ ဝင်ရောက်သွားချိန်မှာ မြောက်ကိုရီးယားစစ်သည်တွေက သူ့ကို ပစ်သတ်ပြီး သူ့အလောင်းကို မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယားအရာရှိတွေက ပြောပါတယ်။ တောင်ကိုရီးယားအရာရှိကို မြောက်ကိုရီးယားစစ်သည်တွေက ၁၀ ချက် ပစ်ခတ်ခဲ့ကြတယ်လို့ မြောက်ကိုရီးယားက ဖော်ပြခဲ့ပေမဲ့ သူ့အလောင်းကို မီးရှို့ခဲ့တာမဟုတ်ဘဲ ရေပေါ်ပေါ်အောင် သူ အသုံးပြုခဲ့တဲ့အရာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချမှတ်ထားပြီး မြောက်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကနေ ဝင်ရောက်လာသူတွေကို ပစ်သတ်မယ့်မူဝါဒ ချမှတ်ထားဖွယ်ရှိပါတယ်။

ဆက်စပ်သတင်းလင့်ခ်

Ref: BBC ” Kim Jong-un ‘apologises for killing of South Korean official'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top