သားသားမီးမီးတို့ ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေဖို့ ဘာတွေကျွေးမလဲ

22-7-2020-yyl-020.jpg

ဆီးလမ်းကြောင်း ပိုးဝင်တာက လူကြီးတွေမှာတောင် ခံရခက်တာ ငယ်သေးတဲ့ သားသားမီးမီးတို့မှာဆို ပိုဆိုးနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ သားသားမီးမီးတွေကို သက်လည်း သက်သာစေချင်တယ်။ ဒါဆိုရင် ကလေးတွေ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမယ့် အစားအသောက်လေးတွေ အကြောင်း ပြောပြပေးစေချင်ပါတယ်။

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာလား။

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတယ်ဆိုရင်

ကိုယ်ပူမယ်
ဆီးက ပုံမှန် မဟုတ်တဲ့ အနံ့တွေ ရနေမယ်
အန်မယ်
အစားမစားချင်ဖြစ်မယ်
ကလေးက ဂျီကျနေမယ်
ကလေးက ဗိုက်အောင့်တယ်။ ဆီးသွားရတာ နာတယ် ပြောမယ်
ဆီးခဏခဏ သွားနေမယ်
ဆီးထွက်ကျမယ်
ဆီးက နီနေမယ်၊ ပန်းရောင် သန်းနေမယ်
ဆီးက အနံ့ပြင်းနေမယ်
ဆီးသွားရင်း ငိုမယ်ဆိုရင် ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။

သားသားမီးမီး ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေဖို့

သားသားမီးမီးတို့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ ဆိုရင်

ရေများများတိုက်ပါ

ကလေးကို ရေများများသောက်ဖို့ သတိပေးပေးပါ။ ရေသောက်တာက ကလေးကို ဆီးသွားစေဖို့ အားပေးရာရောက်သလို ဆီးထဲကနေတဆင့် အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ဖို့ လှုံ့ဆော်ပေးရာ ရောက်ပါတယ်။

သစ်သီးဖျော်ရည် တိုက်ပါ

ကလေးက ရေမသောက်ချင်ဘူးဆိုရင် နာနတ်သီး၊ cranberry နဲ့ blueberry တို့ကို ဖျော်ပြီး တိုက်ပေးပါ။ ဒီလို တိုက်ပေးတာ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ် ကျွေးပါ

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတယ်ဆိုရင် အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်ကို ကျွေးပေးလို့ ရပါတယ်။ ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေမှာပါ။

ဗီတာမင် C ပါတဲ့ အသီးတွေ ကျွေးပါ

ဗီတာမင် C က ဆီးထဲက အက်ဆစ် ပမာဏကို ထိန်းညှိပေးပါတယ်။ ဆီးအိမ်ကိုလည်း ကျန်းမာစေတယ်။ ဒါကြောင့် ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အခါ ဗီတာမင် C ပါတဲ့ အသီးတွေ ကျွေးပေးပါ။ ဥပမာ – လိမ္မော်သီး၊ ဂရိတ်ဖရုစ်၊ စတော်ဘယ်ရီ၊ မာလကာသီး စတာတွေ ကျွေးပေးလို့ ရပါတယ်။

နာနတ်သီး ကျွေးပေးပါ

နာနတ်သီး မှာပါတဲ့ bromelain ဆိုတဲ့ အင်ဇိုင်းက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးက ဆီးသွားရခက်နေတယ်ဆိုရင် နာနတ်သီး ကျွေးပေးပါ။

အုန်းစိမ်းရည် တိုက်ပါ

အုန်းစိမ်းရည် တိုက်ပေးတာက ကလေးကို ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေနိုင် ပါတယ်။ အုန်းစိမ်းရည်က အေးမြပြီး ​ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်နိုင်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ကလေးရဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူ ပါအောင် ကျွေးပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမှာပါ။

ကလေးက ဆီးသွားတိုင်းငိုနေမယ်ဆိုရင် ဒီ အစားအစာလေးတွေ ကျွေးပြီး ခံစားနေရတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာအောင် လုပ်ပေးလိုက်ပါ မေမေဖေဖေတို့ရေ

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top