ဗီတာမင်ကေချို့တဲ့ခြင်းရဲ့ အသံတိတ် လက္ခဏာရပ်တွေ

7-8-2020-yyl-036.jpg

ကျွန်တော်တို့ခန္ဓာကိုယ်က လုံလောက်တဲ့ ဗီတာမင်ကေဓာတ်ပမာဏကိုလည်း လိုအပ်ပါတယ်။ ဗီတာမင်ကေဓာတ်က အရိုး၊နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့အာဟာရဓာတ်ဖြစ်ပြီး သွေးခဲခြင်းနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အရွယ်ရောက်ပြီးသူ (၃၁) ရာခိုင်နှုန်းက ဗီတာမင်ကေချို့တဲ့တာတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကနေ ဗီတာမင်ကေဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးကြီးလဲဆိုတာနဲ့ ဗီတာမင်ကေဓာတ်ချို့တဲ့ခြင်းရဲ့အသံတိတ်လက္ခဏာရပ်တွေကို မျှဝေပေးလိုက်ရပါတယ်။

ဗီတာမင်ကေဓာတ်က ခန္ဓာကိုယ်အတွက် ဘာလို့အရေးကြီးတာလဲ

ဗီတာမင်ကေမှာ ဟင်းနုနွယ်ရွက်လို အပင်တွေကလာတဲ့ ဗီတာမင် K1 နဲ့ အူလမ်းကြောင်းမှာ သဘာဝအလျောက်ထုတ်လုပ်တဲ့ ဗီတာမင် K2 ဓာတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က သွေးခဲခြင်းနဲ့သွေးထွက်ခြင်းကို ရပ်တန့်ပစ်ဖို့အတွက် ဒီဓာတ်နှစ်မျိုးလုံးကို လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေမှာ ဗီတာမင်ကေဓာတ်ချို့တဲ့ခြင်းက ရှားပါတယ်။ ဒါပေမဲ့ မွေးကင်းစကလေးတွေမှာ ဖြစ်နိုင်ချေများပါတယ်။ ဘယ်လိုလဲဆိုရင် ကျွန်တော်တို့စားတဲ့ အစားအစာအများစုက ဗီတာမင်ကေဓာတ်တွေ လုံလုံလောက်လောက်ပါဝင်ပါတယ်။ ဒါပေမဲ့ တချို့ဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေက ဗီတာမင်ကေဓာတ်ဖန်တီးဖို့နဲ့ စုပ်ယူဖို့အတွက် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ဗီတာမင်ကေဓာတ်ချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာရပ်တွေကတော့

ဓားရှရင် အဆက်မပြတ်သွေးထွက်တာ

ဗီတာမင်ကေချို့တဲ့ခြင်းက သွေးဆုံးရှုံးမှုများလာစေပြီး သွေးတိတ်ဖို့ ခက်ခဲစေပါတယ်။ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရင် သွေးပမာဏများစွာဆုံးရှုံးစေပြီး အသက်အန္တရာယ်ရှိနိုင်ချေ များပါတယ်။ ရာသီသွေးလာတာများတာနဲ့ နှာခေါင်းသွေးလျံတာကလည်း ဗီတာမင်ကေဓာတ်လိုအပ်နေပြီဆိုတာ ပြနေတဲ့ အသံတိတ်လက္ခဏာတချို့ဖြစ်ပါတယ်။

အရိုးအရမ်းမသန်မာတော့တာ

ဗီတာမင်ကေဓာတ်ကလည်း အရိုးသန်မာဖို့နဲ့ ကျန်းမာဖို့အတွက် အရေးကြီးတဲ့သတ္တုဓာတ်ဖြစ်ပါတယ်။ ဗီတာမင်ကေပမာဏ လုံလောက်တာနဲ့ အရိုးသိပ်သည်းမှုမြင့်မားခြင်းတို့က ဆက်စပ်နေတယ်လို့ တချို့လေ့လာချက်တွေက ဆိုထားပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့မှုက အရိုးပွရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်ကေဓာတ် ချို့တဲ့တာကြောင့် အဆစ်အမြစ်နဲ့ အရိုးတွေမှာ နာကျင်တာကို မကြာခဏခံစားရနိုင်ပါတယ်။

အလွယ်တကူထိခိုက်ဒဏ်ရာရပြီး အညိုအမဲစွဲကျန်တာ

ဗီတာမင်ကေချို့တဲ့တာကို ခံစားနေရတဲ့သူတွေကလည်း အလွယ်တကူပွန်းပဲ့ဒဏ်ရာ ရတတ်ပါတယ်။ တစ်ခုခုနဲ့ ဖြည်းဖြည်းလေးတိုက်မိရင်တောင် မြန်မြန်အနာမကျက်တဲ့ ပွန်းပဲ့ဒဏ်ရာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ပွန်းပဲ့တာကို ခေါင်း (သို့) မျက်နှာတစ်ဝိုက်မှာ အတော်လေးအဖြစ်များပါတယ်။ တချို့လူတွေက လက်သည်းခွံမှာ သွေးခဲတာတွေဖြစ်တတ်ပါတယ်။

အူလမ်းကြောင်းပြဿနာဖြစ်တာ

ဗီတာမင်ကေဓာတ် မလုံလောက်တာကလည်း အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာစေပါတယ်။ အခြေအနေက အူလမ်းကြောင်းပိုးဝင်တာ၊ သွေးထွက်တာတွေဖြစ်နိုင်ချေများပါတယ်။ ဒါက ဆီးနဲ့ မစင်မှာ သွေးပါတဲ့အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။

သွားဖုံးသွေးထွက်တာ

သွားဖုံးသွေးထွက်တာနဲ့ သွားပြဿနာတွေက ဗီတာမင်ကေချို့တဲ့ခြင်းရဲ့ အဖြစ်များတဲ့လက္ခဏာ တချို့ဖြစ်ပါတယ်။ ဗီတာမင် K2 က Osteocalcin လို့ခေါ်တဲ့ ပရိုတင်းဓာတ် လှုပ်ရှားလာဖို့အတွက် တာဝန်ရှိပါတယ်။ ဒီပရိုတင်းဓာတ်က သွားအတွက် ကယ်စီယမ်နဲ့ သတ္တုဓာတ်ကို သယ်ဆောင်ပေးပါတယ်။ အဲဒီပရိုတင်းဓာတ်ကို သွားက လုံလုံလောက်လောက်မရရင် သွားအားနည်းသွားစေပါတယ်။ ဒီလိုဖြစ်ရင် သွားဆုံးရှုံးတာ၊ သွားဖုံးနဲ့သွားတို့မှာ သွေးအဆက်မပြတ်ထွက်တာကို ကြုံရနိုင်ပါတယ်။

Ref: 5 silent signs of Vitamin K deficiency you should look out for

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top