ကပ်ရောဂါအတွင်း သားသားမီးမီးတွေ စာကောင်းကောင်းလေ့လာနိုင်ဖို့ ဘယ်လိုကူညီပေးမလဲ

11-9-2020-yyl-039.jpg

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း ဆက်ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများက ကျောင်းတွေကိုပိတ်ထားရပါတယ်။ အဲဒီလိုပိတ်ထားရတဲ့အတွက် သားသားမီးမီးတွေ စာလိုက်နိုင်ဖို့ အွန်လိုင်းကနေတဆင့် စာလေ့လာသင်ယူရတာက တချို့နိုင်ငံတွေမှာ ပညာရေးစနစ်တစ်ခုလိုဖြစ်နေပါပြီ။ မိဘတွေက သားသမီးတွေအတွက် အွန်လိုင်းကနေတဆင့် စာသင်ယူတဲ့အခါ အကောင်းဆုံးထောက်ပံ့ ဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ကပ်ရောဂါအတွင်းမှာ ကလေးတွေက စာသင်ယူမယ့်အစား ဖုန်းသုံးတာ၊ တီဗီကြည့်တာတွေနဲ့ အချိန်ကုန်တာများနေပါတယ်။ ဒါကြောင့် မိဘတွေက သားသမီးတွေ သူတို့ရဲ့ပညာရေးကို အာရုံစိုက် လေ့လာနိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

အွန်လိုင်းစာသင်ကြားမှုအတွင်း အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို လျော့ချပေးပါ
သားသားမီးမီးတွေ အွန်လိုင်းကနေတဆင့် စာသင်ယူနေစဉ်အတွင်း မိဘတွေက ကလေးတွေ ဂိမ်းမဆော့ဖို့၊ စာမှာပဲ အာရုံစိုက်နိုင်ဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ အွန်လိုင်းစာသင်ကြားမှုက အရင်ကထက် ပိုပြီး အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စာသင်ကြားဖို့အတွက် အသုံးပြုတဲ့ လက်တော့၊ ဖုန်းတွေမှာရှိတဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ အက်ပလီကေးရှင်းတွေကို ဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါမှ ကလေးတွေက အက်ပလီးကေးရှင်းတွေပေါ် စိတ်မရောက်ဘဲ စာကောင်းကောင်းသင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းစာသင်ကြားဖို့အတွက် နေရာသီးသန့်စီစဉ်ပေးပါ

သင့်ကလေးက တစ်နေ့တာရဲ့ အချိန်တချို့ကို လက်တော့ရှေ့မှာ ကုန်ဆုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပေးသင့်ပါတယ်။ အွန်လိုင်းကနေ စာလေ့လာသင်ယူရမှာဖြစ်တဲ့အတွက် နေရာက တိတ်ဆိတ်ပြီး သက်တောင့်သက်သာဖြစ်ရမဲ့အပြင် အနှောင့်အယှက်တွေကနေလည်း ကင်းဝေးရမှာဖြစ်ပါတယ်။ စာသင်ကြားချိန်အတွင်း ကလေးအသုံးပြုရမယ့် စားပွဲနဲ့ ခုံကလည်း အချိန်အကြာကြားထိုင်ရမှာဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိအောင် မိဘတွေက ကလေးအတွက် စီစဉ်ပေးရမှာဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ စစ်ဆေးပါ

အင်တာနက်လိုင်းကစလို့ အသံစနစ်အထိ သင့်ကလေးရဲ့စာသင်ယူမှုကို အနှောင့်အယှက်ဖြစ်စေမယ့် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် စာသင်ကြားချိန်အတွင်း နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုတွေ မဖြစ်ဖို့ မိဘတွေက ကြိုတင်စစ်ဆေးပေးထားသင့်ပါတယ်။

ကလေးတွေရဲ့တိုးတက်မှုနှုန်းကို သိရအောင် လုပ်ပါ

အွန်လိုင်းကနေတဆင့် သင့်ကလေး သင်ယူခဲ့ရတဲ့အရာတွေနဲ့ ပတ်သက်ပြီး မေးခွန်း မကြာခဏမေးပေးပါ။ ကလေး စာသင်ပြီးသွားရင် အတူတူထိုင်ပေးပြီး ဒီနေ့ သင်ယူခဲ့ရတဲ့စာတွေအကြောင်း ဆွေးနွေးပေးပါ။ စာသင်ကြားချိန်အတွင်း ကလေးရင်ဆိုင်ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲပြဿနာတွေ သိရအောင်လည်း စောင့်ကြည့်ကာ ဆွေးနွေးတိုင်ပင်ပေးသင့်ပါတယ်။

လက်တော့စကရင်နဲ့ ဖုန်းစကရင်တွေ အရမ်းမကြည့်ဖို့ ပြောပေးပါ

ကပ်ရောဂါအတွင်းမှာ ကလေးတွေလည်း အပြင်ထွက်ခွင့်မရတဲ့အတွက် ကလေးတွေက စာသင်ယူပြီးပြီးချင်း ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ၊ တီဗီကြည့်တာတွေ လုပ်လာနိုင်ပါတယ်။ ဖုန်းစကရင်ကို အရမ်းကြည့်တာများရင် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာကို ကလေးတွေသိအောင် ပြောပြပေးသင့်ပါတယ်။ ကလေးတွေကို စာဖတ်တတ်တဲ့အကျင့်ရှိအောင် မိဘတွေက ချောမော့တိုက်တွန်းအားပေးသင့်ပါတယ်။

မိဘတွေက ကလေးတွေကို စာလေ့လာသင်ယူဖို့အတွက် နောက်ကနေ အရမ်းတွန်းအားမပေးဖို့လည်းအရေးကြီးပါတယ်။ ကလေးတွေကို သူ့ကိုယ်ပိုင်အသိစိတ်နဲ့ အရာရာတိုင်းကို သင်ယူနိုင်ဖို့ခွင့်ပြုပေးထားသင့်ပါတယ်။ စာလေ့လာနိုင်ဖို့အတွက်လည်း အချိန်လုံလုံလောက်လောက်ပေးထားသင့်ပါတယ်။ လက်ရှိအချိန်မှာ လူကြီးတော်တော်များများ စိတ်ဖိစီးနေကြရတာဖြစ်တဲ့အတွက် ကလေးတွေကိုလည်း စိတ်ဖိစီးမှုမပေးသင့်ပါဘူး။ ကလေးတွေကလည်း အွန်လိုင်းကနေတဆင့် စာသင်ယူရတာနဲ့ လိုက်လျောညီထွေဖို့ ကြိုးစားနေကြရတာဖြစ်ပါတယ်။

Ref: 5 ways to help your child study well during the pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top