ASEAN Entrepreneur Award ကို ကမ္ဘောဇဘဏ်ရဲ့ဒုတိယအမှုဆောင် အရာရှိချုပ် မာလင်း နန်းခမ်းနောင့်က လက်ခံရရှိ

Daw-Marlene-Nang-Kham-Noung-Deputy-CEO-of-KBZ-Bank_Credit-to-KBZ-Bank.jpg

ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်မာလင်း နန်းခမ်းနောင့်က ‘စွမ်းရည်မြင့်မား အမျိုးသမီးများ (Empowering Women)’ ခေါင်းစဉ်နဲ့ ASEAN Entrepreneur Award ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီဆုကို တောင်ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အာဆီယံ အတွင်းဝန်များအဖွဲ့တို့က ပံ့ပိုးပေးခဲ့ပြီး မာလင်းက ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ် မြှင့်တင်ရေးနဲ့ ကမ္ဘောဇဘဏ်မှာ ဆောင်ရွက်နေတဲ့ ကျား၊မ တန်းတူညီမျှရေး လုပ်ငန်းစဉ်တွေမှာ သူ(မ) ရဲ့ထူးချွန်ပြောင်မြောက်တဲ့ ပါဝင်ကြိုးပမ်းမှုတွေအတွက်၂၀၂၀ ခုနှစ်ရဲ့အာရှဒေသအတွင်း ထိပ်တန်းစီးပွားရေးဦးဆောင်သူတွေထဲမှာ တစ်ဦးအပါအဝင်အနေနဲ့ အသိအမှတ်ပြု ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ချိန်ကစပြီး မာလင်းက မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ဘဏ်ဦးဆောင်တဲ့ မိုဘိုင်းပိုက်ဆံအိတ် KBZPay ကို စတင်မိတ်ဆက်နိုင်ရေး အပါအဝင် ကမ္ဘောဇဘဏ်ရဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးမှာ ဦးဆောင်စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတာပါ။ ၂၀၁၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ KBZPay က လက်ရှိအသုံးပြုသူ (၆) သန်း၊ အရောင်းကုန်ဆိုင်နဲ့ ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်ရှိပြီး အဲဒီထဲမှာ (၅၂%) သော စီးပွားရေးလုပ်ငန်းတွေကို အမျိုးသမီးတွေက ဦးဆောင်လုပ်ကိုင်နေပါတယ်။ KBZPay ပလက်ဖောင်းက အသုံးပြုသူတွေကို မြန်မာနိုင်ငံတစ်ဝန်းက အသေးစားလုပ်ငန်းရှင်များ၊ e-commerce ကုမ္ပဏီများ၊ e-gov ဝန်ဆောင်မှုများ၊ ပညာရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနဲ့ လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်ပေးနေပါတယ်။

အခုအထိ KBZPay ပလက်ဖောင်းကတစ်ဆင့် ပြုလုပ်ခဲ့တဲ့ ငွေလွှဲလုပ်ဆောင်ချက်တွေရဲ့ ပမာဏမှာ အမေရိကန်ဒေါ်လာ (၉) သန်းကျော် ရှိနေပြီဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူတွေကို ငွေကြေးဆိုင်ရာနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ပထမဦးဆုံးအကြိမ်အနေနဲ့ ရယူထိတွေ့နိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ မကြာသေးမီကမှ KBZPay ပလက်ဖောင်းက ဈေးဝယ်ချေးငွေနဲ့ ကိုယ်ပိုင်ချေးငွေများ၊ ဒစ်ဂျစ်တယ် အသက်အာမခံနှင့် KBZPay ပလက်ဖောင်း ကို အသုံးပြုပြီး ပရဟိတ အဖွဲ့အစည်းတွေကို လှူဒါန်းနိုင်မယ့် ‘အလှူဒါန’ လုပ်ဆောင်ချက်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ပလက်ဖောင်းအသုံးပြုမှု ပိုမို များပြားလာစေရန် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

မာလင်းက ကမ္ဘောဇဘဏ်ရဲ့လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အသွင်ကူးပြောင်းမှုအတွက်လည်း ဉီးဆောင်နေပြီး ကြီးမားတဲ့အဖွဲ့အစည်းတွေအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ Wholesale Banking ဆိုင်ရာ ဌာနခွဲတစ်ခုကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူ(မ) အစပြုခဲ့တဲ့ လမ်းကြောင်းနဲ့ ကမ္ဘောဇဘဏ်တွင် လုပ်ငန်းရှင်တစ်ဦးလို တွေးခေါ်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဝန်ထမ်းတွေ မွေးထုတ်ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ ဝန်ထမ်း၊ အဖွဲ့တွေက မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေနဲ့ ဘဏ်လုပ်ငန်း နယ်ပယ်အတွက် ဘယ်တိုင်းအတာအထိသာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်နိုင်ရန် အဘက်ဘက်မှ ပူးပေါင်းလုပ်ကိုင်ကြပြီး အမြန်ဆုံး တိုးတက်စေမယ့် နည်းဗျုဟာတွေကို ဝိုင်းဝန်းရှာဖွေကာ နောက်ဆုံးပေါ် ဘဏ်ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို အတူတကွ ပူးပေါင်းဖန်တီးရေးဆွဲ ကြပါတယ်။

၂၀၂၀ ခုနှစ်အတွက် ASEAN Entrepreneur Award ကို အာဆီယံ-ကိုရီးယား စင်တာနဲ့ Maekyung Media တို့ ပူးပေါင်းစီစဉ်ကျင်းပပြီး အာဆီယံဒေသအတွင်းက ထူးချွန်ထက်မြက်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပေးအပ်ချီးမြှင့်တဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။ အရင်နှစ်တွေအတွင်း ဆုရရှိခဲ့ကြတဲ့ အာဆီယံဒေသအတွင်းက နိုင်ငံအသီးသီးမှ ထူးချွန်သူတွေနဲ့ ဆန်းသစ်တီထွင်မှုကို ဦးစားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ GO-JEK တည်ထောင်သူ Nadiem Makarim ၊ TH Group ရဲ့ Chairwoman ဖြစ်သူ Thai Huong နဲ့Travelokaရဲ့CEO ဖြစ်သူ Ferry Unardi အစရှိသူတို့ပါပဲ။

ဆုပေးပွဲကျင်းပရေး အဖွဲ့အစည်းတွေနဲ့ တောင်ကိုရီးယားရဲ့အာဆီယံမစ်ရှင်အဖွဲ့တို့ အသေးစိတ် တိုင်ပင်ဆွေးနွေးအပြီးမှာအခုနှစ်အတွက် ဆုတွေကို စက်တင်ဘာလ ၁၆ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်မယ့် 21st World Knowledge Forum အတွင်း ပေးအပ်သွားမှာဖြစ်ပါတယ်။ ASEAN Entrepreneur Award အစီအစဉ်ကို အာဆီယံနှင့် ကိုရီးယားနိုင်ငံအကြား စီးပွားရေးလုပ်ငန်းတွေ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ပိုမို ခိုင်မာစေရန် ရည်ရွယ်ကျင်းပခဲ့ရာ အခုနှစ်ကဆိုရင် ပဉ္စမအကြိမ်မြောက် ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top