ယင်ကောင်တွေကိုလှမ်းရိုက်ဖို့ ဘာလို့ခက်ခဲရတာလဲ

24.7.2019fly-.jpg

စာဖတ်သူတွေကော ယင်ကောင်တွေကို လက်နဲ့လှမ်းရိုက်ဖူးပါသလား။ ခြင်တွေကျတော့ လှမ်းရိုက်ရတာလွယ်သလောက် ယင်ကောင်တွေကျတော့ ဘာကြောင့် အရမ်းမြန်နေရတာလဲ။ ဒီလောက် ဦးနှောက်သေးသေးလေးနဲ့ အကောင်လေးက ကျွန်တော်တို့ကို တစ်ပတ်ရိုက်နိုင်ရတာလဲ။ ယင်ကောင်တွေက ကျွန်တော်တို့ ဘယ်ကို လှမ်းရိုက်မလဲဆိုတာ သိနေလို့များလားလို့ တွေးမိကြမှာပါ။ ဘာကြောင့်လည်းဆိုတာကို ရိုးရာလေးပရိသတ်တွေလည်း သိချင်နေကြမယ်လို့ထင်ပါတယ်။

အဖြေကတော့ လူသားတွေနဲ့ယှဉ်ရင် ယင်ကောင်တွေဟာ မြင်ကွင်းတစ်ခုကို နှေးနှေးလေး (Slow Motion) နဲ့မြင်နိုင်လို့ပါ။ မြင်ကွင်းတစ်ခုမှာ လိပ်တစ်ကောင်ရဲ့မြင်တဲ့နှုန်းက လူတွေမြင်တာထက် (၂) ဆ မြန်နေပေမယ့် ယင်ကောင်မျိုးစိတ်တွေအတွက်ကတော့ လူတွေမြင်တာထက် (၄) ဆ လောက် ပိုနှေးနေပါလိမ့်မယ်။ အဲဒီလိုဘယ်လောက်အမြန်နှုန်းနဲ့ မြင်နိုင်လဲဆိုတာကလည်း မျိုးစိတ်တစ်ခုချင်းစီနဲ့ဆိုင်ပါတယ်။ ယင်ကောင်တွေရဲ့ မြင်နိုင်စွမ်းက နှေးပေမယ့် လှုပ်ရှားမှုကတော့ မြန်ဆန်လှပါတယ်။

ဘာကြောင့်လဲဆိုရင် လူတွေ၊ တိရစ္ဆာန်တွေဟာ ပတ်ဝန်းကျင်ကို မြင်ရတယ်ဆိုတာ မျက်လုံးကနေ ပုံရိပ်တွေကို ဦးနှောက်သို့ တစ်စက္ကန့်မှာ အလင်းရောင်နဲ့ ဘယ်နှစ်ချက်မြင်နိုင်သလဲဆိုတဲ့ အမြန်နှုန်းတစ်ခုနဲ့ ပို့ကြတာပါ။ ပျှမ်းမျှအားဖြင့် လူတွေကတော့ တစ်စက္ကန့်မှာ အကြည့် (၆၀) နှုန်းနဲ့မြင်နိုင်ပါတယ်။ လိပ်တွေကတော့ (၁၅) သာရှိပြီး ယင်ကောင်တွေကတော့ (၂၅၀) အထိရှိပါတယ်။

အဲဒီလိုပို့လိုက်တဲ ပုံရိပ်တွေကို ဦးနှောက်က ဆောင်ရွက်ပြီး မြင်တယ်ဆိုတဲ့ အမြင်ဖြစ်လာတာကို “ဖျတ်ခနဲဖြစ်လာသော ပုံရိပ်များ ပေါင်းစပ်နှုန်း” ( “flicker fusion rate”) လို့ခေါ်ပါတယ်။ ယင်ကောင်မှာ ဒီနှုန်းကလည်း လူသားတွေထက် ပိုများနေပါသေးတယ်။ အမြန်ဆုံး ယင်ကောင်တစ်ကောင်ရဲ့ “ဖျတ်ခနဲဖြစ်လာတဲ့ ပုံရိပ်များ ပေါင်းစပ်နှုန်း” က တစ်စက္ကန့်မှာ အကြိမ် (၄၀၀) ရှိပြီး ဒီမြင်နိုင်စွမ်းဟာ ကျွန်တော်တို့ လူတွေထက် (၆) ဆ လောက်ရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဆိုလိုတာကတော့ ယင်ကောင်တွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်သမျှအရာအားလုံးကို Slow motion နဲ့မြင်နေရတာပါပဲ။

ယင်ကောင်တွေထဲမှာ အမြင်စွမ်းအားအကောင်းဆုံးကတော့ ဥရောပမှာ ပေါက်ဖွားပြီး တခြားယင်ကောင်တွေကို အရမ်းလျင်မြန်တဲ့နှုန်းနဲ့ ဖမ်းဆီးစားသောက်တတ်တဲ့ Killer fly ဆိုတဲ့ ယင်ကောင်ပါပဲ။ လေ့လာချက်အရ ဒီ Killer flyနဲ့ သူ့ရဲ့သားကောင်ဖြစ်တဲ့ fruit fly တစ်ကောင်ကို ဗီဒီယို အနှေးရိုက်ကူးနိုင်တဲ့ ပုံးတစ်ခုတည်းမှာ လွှတ်ပေးလိုက်ပြီး မှတ်တမ်းတင်ထားပါတယ်။

လူမျက်စိနဲ့ ကြည့်တဲ့အခါ Killer fly ဟာ မလှုပ်ရှားဘဲ ငြိမ်နေတာကို ပထမဆုံးတွေ့ခဲ့ရပြီး Fruit fly က (၇) စင်တီမီတာ လောက်ပျံသွားတဲ့အခါမှာ Killer fly က ရုတ်တရတ်လှုပ်ရှားလိုက်ပြီး ခဏအကြာမှာတော့ Fruit fly ကို စားသောက်နေတာ တွေ့ခဲ့ရပါတယ်။ Slowmotion ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြန်ကြည့်တဲ့အခါမှာတော့ လူမျက်လုံးနဲ့ မမြင်နိုင်တဲ့အရာကို မြင်လာရပါတယ်။ ပထမဆုံး Killer fly ဟာ စတင်ပျံသန်းပြီး Fruit fly ကို (၃) ကြိမ် လှည့်လိုက်ကာ နောက်ဆုံးမှာတော့ မိသွားခဲ့ပါတယ်။ မိသွားပြီးတဲ့အခါမှာ ပုံးရဲ့ ကြမ်းပြင်ကို ဆင်းပြီးစားသောက်ပါတယ်။ လူမျက်လုံးဟာ Killer fly (၃) ကြိမ်လှည့်လိုက်တာနဲ့ ပျံသွားတာကို မမြင်လိုက်ရပါဘူး။ ဖြစ်စဉ်တစ်ခုလုံးက စုစုပေါင်း တစ်စက္ကန့်လောက်ပဲကြာပါတယ်။ အဲဒီလို သားကောင်ဖမ်းတာကိုတောင် တစ်စက္ကန့်လောက်ပဲ ကြာတယ်ဆိုရင် လူရဲ့လက်နဲ့ ယင်ကောင်ကို လှမ်းရိုက်တာလောက်က သူ့အတွက် လိပ်တစ်ကောင်လို နှေးနှေးလေးပဲ ရွေ့နေတယ်လို့ မြင်ရတဲ့နှုန်းကြောင့်ပဲ အလျင်အမြန် ရှောင်နိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်တစ်ခါ ယင်ကောင်တွေကို လက်နဲ့ လိုက်ရိုက်ဖို့ ကြိုးစားမနေနဲ့နော်..။

Ref: BBC ” Why is it so hard to swat a fly?”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top