ငြိမ်းချမ်းရေးသံတမန်ဖြစ်လာတဲ့ ကမ္ဘာကျော်ဓာတ်ပုံထဲက ကောင်မလေး

21-7-2022-18.jpg

ပူလစ်ဇာဆုရဓာတ်ပုံနဲ့အတူ တွေ့ရတဲ့ Kim Phuc Pan Thi

ဗီယက်နမ်စစ်ပွဲကာလမှာ ရိုက်ခဲ့တဲ့ ကမ္ဘာကျော်ဓာတ်ပုံထဲက အဝတ်ဗလာနဲ့ ပြေးနေတဲ့ ကောင်မလေးဟာ နှစ် (၅၀) အကြာမှာတော့ ငြိမ်းချမ်းရေးအတွက် UNESCO ရဲ့ချစ်ကြည်ရေးသံတမန်ဖြစ်နေပါပြီ။ သူကတော့ အသက် ၅၉ နှစ် အရွယ် ကင်ဖုဖန်သီ (Kim Phuc Phan Thi) ဆိုသူပါ။ သူဟာ စစ်ဘေးဒဏ်သင့်ကလေးတွေအတွက် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ မိဘမဲ့ဂေယာတွေ၊ စာကြည့်တိုက်တွေ တည်ဆောက်ရာမှာ ကူညီပေးတဲ့ Kim Foundation International ကို ဦးစီးဆောင်ရွက်နေတာပါ။ မကြာသေးခင်ကလည်း သူဟာ ယူကရိန်းဒုက္ခသည်တွေကို ကနေဒါမှာ အခြေချနေထိုင်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။

Kim က ဗီယက်နမ်စစ်ပွဲအတွင်း ရခဲ့တဲ့ မီးလောင်ဒဏ်ရာတွေကို နှစ်ပေါင်းများစွာကြာအောင် ကုသနေခဲ့ရတာပါ။ မကြာသေးခင်ကမှ နောက်ထပ်မီးလောင်ဒဏ်ရာကို ကုသပြီးခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲအတွင်း သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက အခြားသူတွေရဲ့ဘဝကို လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။

Kim ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်ကို ပြောရရင် ၁၉၇၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ ကင်ဟာ Trang Bang ရွာလေးရဲ့ Cao Dai ဘုန်းကြီးကျောင်းဝင်းထဲမှာ သူ့ရဲ့ (၃) နှစ် အရွယ်ဝမ်းကွဲမောင်လေး Danh နဲ့ ကစားနေတုန်း ဗီယက်နမ်တောင်ပိုင်းစစ်သားတွေ ရောက်လာခဲ့ပြီး ကလေးတွေကို ပြေးဖို့ အော်ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Kimဟာ အသက် (၉) နှစ်ပဲ ရှိပါသေးတယ်။

Kim က သူ့ဆီကို လေယာဉ်ပျံတစ်စင်း လာနေတာ မြင်တွေ့ခဲ့ရတယ်။ လေယာဉ်ရဲ့အသံက အရမ်းကျယ်လောင်ပြီး အရမ်းမြန်တယ်။ ခေါင်းကို လှည့်လိုက်ပြီး မော့ကြည့်လိုက်တော့ ဗုံး (၄) လုံးကို မြင်လိုက်ရတယ်။ ဆူညံသံတွေ ကြားခဲ့ရပြီး ရုတ်တရက်ကြီး သူတို့ရဲ့အနီးတစ်ဝိုက်မှာ မီးတွေတောက်လောင်နေခဲ့တယ်။ မီးတွေက ကောင်းကင်ပေါ်ကလည်း ကျလာခဲ့ပြီး Kimကို ထိမှန်သွားခဲ့ပါတယ်။

ပူလစ်ဇာဆုရဓာတ်ပုံဆရာ Nick Ut နဲ့ Kim Phuc Pan Thi

မီးတွေက သူ့ရဲ့အဝတ်တွေကို လောင်ကျွမ်းစေခဲ့ပြီး လည်ပင်း၊ ကျောနဲ့ ဘယ်ဖက်လက်မောင်းကို မီးလောင်သွားခဲ့ပါတယ်။ မီးတွေကို လက်နဲ့ဖယ်ပစ်ဖို့ ကြိုးစားခဲ့တဲ့အခါမှာ ညာဖက်လက်ကိုလည်း မီးလောင်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Kim ဟာ အရမ်းကြောက်ခဲ့တယ်။

Nick Ut ဆိုတဲ့ ဗီယက်နမ်လူမျိုး ဓာတ်ပုံဆရာက ပြေးနေကြတဲ့ Kimနဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမတွေကို မြင်သွားခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ Kimက “အရမ်းပူတယ်…အရမ်းပူတယ်” လို့ အော်နေခဲ့တာပါ။ စစ်သားတွေက သူ့ကို သောက်ဖို့ ရေတွေပေးခဲ့ပြီး သူ့ရဲ့မီးလောင်ဒဏ်ရာတွေအပေါ် ရေတွေ လောင်းချခဲ့ပါတယ်။ မီးလောင်ဒဏ်ရာက ရေထိသွားတော့ ပိုဆိုးသွားခဲ့ပြီး Kim သတိမေ့မြောသွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ဓာတ်ပုံဆရာ Nick က သူ့ရဲ့ကင်မရာကို ချပြီး Kim ကို သယ်ကာ ဆိုင်ဂုံမြို့က Barsky Hospital ကို ပို့ဆောင်ပေးခဲ့ပါတယ်။ Kim ရဲ့ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန််းက ဆိုးဆိုးရွားရွား မီးလောင်ခဲ့တဲ့အပြင် အာရုံကြောတွေလည်း ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပါတယ်။ သူက အဆေးရုံတစ်ခုမှာ (၁၄) လ နေခဲ့ရပြီး ခွဲစိတ်ကုသမှု (၁၇) ခု လုပ်ခဲ့ရပါတယ်။

Nick ရိုက်ခဲ့တဲ့ အဲဒီဓာတ်ပုံက အရပ်သားတွေနေထိုင်နေတဲ့ ရွာတွေကို ဗုံးကြဲတာနဲ့ ကလေးတွေကို ထိခိုက်စေတာတွေက စစ်ပွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်ဆိုတာကို ပြသနေခဲ့တာပါ။ Nick က ဒီဓာတ်ပုံနဲ့ ပူလစ်ဇာဆုကို ရရှိခဲ့ပါတယ်။ Kim ရဲ့ဘဝလမ်းကြောင်းကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။

အစကတော့ Kim က ဓာတ်ပုံထဲမှာ သူဟာ အဝတ်ဗလာနဲ့ဖြစ်နေတဲ့အတွက် ရှက်ရွံ့မိခဲ့တယ်။ Kim က ဓာတ်ပုံကို မြင်တော့ သူ့ကို ဘာလို့ မကာကွယ်ခဲ့တာလဲလို့ တွေးခဲ့တယ်။ ဓာတ်ပုံဆရာက ဘာလို့ အဲဒီပုံကို ရိုက်ပြီးထုတ်တာလဲ။ ဓာတ်ပုံထဲမှာ သူက အဝတ်ဗလာဖြစ်နေတယ်။ သူ့အစ်ကိုနဲ့ဝမ်းကွဲတွေကကျတော့ ဘာလို့ အဝတ်တွေဝတ်ထားရတာလဲပေါ့။

၁၉၈၂ ခုနှစ်မှာ ​ကုသမှုခံယူဖို့ ဂျာမနီကို သွားရောက်ခဲ့ပါသေးတယ်။ Kim က ဆေးရုံတက်နေစဉ်အတွင်း ဆရာဝန်တစ်ယောက်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငယ်ဘဝမှာ အိပ်မက်ဆိုးတွေ၊ နာကျင်မှုတွေ၊ မီးလောင်ဒဏ်ရာတွေကို ရင်ဆိုင်ခံစားခဲ့ရရင်း အသက် ၁၉ နှစ်မှာ ဆေးကျောင်းတက်ခဲ့တယ်။ ဒါပေမဲ့ ဗီယက်နမ်အစိုးရက အချိန်အများကြီးယူရတဲ့ ဝါဒဖြန့်ရုပ်ရှင်ကားတွေမှာ ပါဝင်ခိုင်းခဲ့တာကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ဒေါသနဲ့ မုန်းတီးမှုတွေအပြည့်နဲ့ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့တောင် တွေးခဲ့ပါတယ်။

နောက်တော့ စာကြည့်တိုက်မှာ ဘာသာရေးစာအုပ်တွေ လေ့လာရင်း အချိန်ကုန်ဖြစ်ခဲ့ပါတယ်။ The New Testament သမ္မာကျမ်းစာကို တွေ့ပြီး ခရစ်ယာန််ဖြစ်လာခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စပိန်ဘာသာစကားသင်ယူလေ့လာဖို့ ကျူးဘားကိုလည်း သွားခဲ့ပြီး အဲဒီမှာ သူ့ခင်ပွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ရုရှားမှာ သူ့ခင်ပွန်းနဲ့ဟန်းနီးမွန်းထွက်ပြီးအပြန် ကနေဒါမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ပါတယ်။

Kim ရဲ့ကျန်းမာရေးပြဿနာက ဆက်ပြီးဖြစ်လာခဲ့တယ်။ လည်ပင်းလှုပ်ရှားရတာနဲ့ ဘယ်ဖက်လက်မောင်းမ,ရတာတွေမှာ ခက်ခဲခဲ့တယ်။ ဘယ်ဖက်လက်မောင်းနဲ့ ညာဖက်လက်မောင်းမညီပါဘူး။ ခွဲစိတ်ဆရာဝန်တွေရဲ့ကုသမှုကို ခံယူခဲ့ပါတယ်။ ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ပေမဲ့ နာကျင်မှုကတော့ စွဲကျန်နေခဲ့ပါတယ်။ နာကျင်တာကို ပျောက်ဖို့ အခြားနည်းလမ်းတွေ ရှာမတွေ့ခင်အထိ အကိုက်ခဲပျောက်ဆေးတွေ သောက်နေခဲ့ရတာပါ။

ဓားတစ်ချောင်းနဲ့ ဖြတ်ခံရသလို စူးစူးရှရှ နာကျင်မှုကို ခံစားခဲ့ရတာပါ။ Kim က ဟောပြောပွဲတွေလုပ်တော့ ဟောပြောပွဲလာတဲ့သူတစ်ယောက်ဟာ ဖလော်ရီဒါပြည်နယ်က အရေပြားအထူးကုဆရာဝန် ဒေါက်တာ ဂျေးလ် ဝေးဘယ်အကြောင်း သူ့ကို ပြောပြခဲ့ပါတယ်။ ဒေါက်တာ ဝေးဘယ်က မီးလောင်ဒဏ်ရာရထားတဲ့သူတွေကို မကြာခဏကုသပေးလေ့ရှိပါတယ်။ Kim က သူ့ရဲ့နာကျင်မှုကို သက်သာသွားအောင် ကူညီနိုင်မလားဆိုပြီး ဒေါက်တာ ဝေးဘယ်ကို ဆက်သွယ်ခဲ့ပါတယ်။

အခုဆိုရင် ဒေါက်တာ ဝေးဘယ်က Kim အတွက် Lumenis UltraPulse လေဆာကုသနည်းနဲ့ ကုသမှု (၁၂) ခုကို လုပ်ဆောင်ပေးပြီးသွားပါပြီ။ ဒေါက်တာ ဝေးဘယ်က အခကြေးငွေမယူဘဲ Kim ကို ကုသပေးခဲ့တာပါ။ ပြီးခဲ့တဲ့လကုန်အပတ်က Kim ဟာ ၁၂ ခုမြောက် နောက်ဆုံးလေဆာကုသမှုကို ခံယူခဲ့ပါတယ်။

Kim မှာ သားနှစ်ယောက်၊ မွေးစားထားတဲ့ သမီးတစ်ယောက်၊ မြေး (၅) ယောက်လည်းရှိပါတယ်။ လက်ရှိမှာတော့ သူက ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်မှာ နေထိုင်နေပါတယ်။

Ref: People.com “50 Years After Defining Photo of Vietnam War, Kim Phuc Phan Thi Calls Burn Treatment ‘a Miracle for Me'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top