ကမ္ဘာကျော် စားဖိုမှူးရဲ့ မဖြောင့်တန်းခဲ့တဲ့ ဝမ်းနည်းစရာ ဘဝခရီးလမ်း

21-7-2022-14.jpg

လွန်ခဲ့တဲ့ ၆ နှစ်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ဖူးတဲ့ ဒီပုံထဲမှာ အမေရိကန်သမ္မတ (ဟောင်း) အိုဘားမားနဲ့အတူထိုင်ပြီး ၃ ဒေါ်လာတန် ဟင်းပွဲတွေ ထိုင်စားနေသူက အမေရိကန် နာမည်ကျော်စားဖိုမှူး အန်တိုနီဘိုးဒိန်းပါ။ သူတို့ ၂ ယောက်ဟာဗီယက်နမ်က လမ်းဘေးဆိုင်လေးမှာ အတူထိုင်ပြီး စားသောက်ခဲ့ကြတာပါ။

ဒီပုံအကြောင်း လူပြောများပေမဲ့ အန်တိုနီဘိုးဒိန်းအကြောင်း၊ သူ့ရဲ့ဝမ်းနည်းစရာ ဘဝအဆုံးသတ်အကြောင်း သိသူနည်းပါတယ်။ သူ အရမ်းချစ်တဲ့ သူရဲ့ သစ္စာမဲ့မှုကြောင့် သူ့ဘဝကို သူကိုယ်တိုင် အဆုံးသတ်ပစ်ခဲ့တာပါ။

အန်တိုနီဘိုးဒိန်းဟာ နယူးယော့တိုင်းမ်သတင်းစာမှာ အယ်ဒီတာလုပ်တဲ့ မိခင်ဖြစ်သူ ဂလက်ဒီဘိုးဒိန်းရဲ့ စာရေးသားမှုအတတ်ပညာကို အမွေရခဲ့သူလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း သူ ရေးသားခဲ့တဲ့ Kitchen Confidential: Adventures in the Culinary Underbelly စာအုပ်က နယူးယော့ခ်တိုင်းမ်သတင်းစာရဲ့ (ဝတ္တုမဟုတ်တဲ့) စာအုပ်တွေထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာပါ။

Kitchen Confidential ဆိုတဲ့ ရုပ်သံရှိုးလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒီစာအုပ်ထဲက အန်တိုနီဘိုးဒိန်းရဲ့ အကြံပြုချက်တစ်ချက်ကလည်း ကျော်ကြားပါတယ်။ တနင်္လာနေ့မှာ စားသောက်ဆိုင် သွားစားရင်ငါးဟင်း မှာ မစားဖို့ ( စနေ၊ တနင်္ဂနွေမှာ ကျန်တဲ့ငါးတွေဖြစ်နေရင် မလတ်မှာစိုးလို့) သူက အကြံပြုခဲ့တာပါ။

အန်တိုနီဘိုးဒိန်းဟာ အမေရိကန်ရဲ့ အချက်အပြုတ်သိပ္ပံကျောင်းကနေ ကျောင်းပြီးခဲ့ပြီး အထက်တန်းကျောင်းကတည်းက ချစ်သူနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူဟာ ဖိအားများတဲ့ စားဖိုဆောင်လုပ်ငန်းခွင်မှာ ကိုကိန်းနဲ့ ဘိန်းဖြူတွေကို စမ်းသုံးရင်း ဆေးစွဲသွားလို့ အခက်တွေ့ခဲ့ပြီး ဆေးဖြတ်ခဲ့ရသူပါ။

အလုပ် ရှိတလှည့်၊ ပြတ်တလှည့်နဲ့ အကြွေးတွေ တင်နေချိန်မှာ သူ့ဇနီး နန်စီနဲ့ သူ့အမေက သူ့ဘေးမှာ အမြဲအားပေးနေခဲ့တာပါ။ ဒါပေမဲ့ သူ အောင်မြင်လာချိန်မှာ ရုပ်သံရှိုးအတွက်၊ စာအုပ်သစ်ရေးဖို့အတွက် တစ်နှစ်ပတ်လုံး ခရီးတွေချည်း ထွက်နေခဲ့လို့ မိသားစုကို အချိန်မပေးနိုင်တာကြောင့် သူတို့အိမ်ထောင်ရေး အေးစက်သွားခဲ့တာပါ။ ခရစ္စမတ်ညစာ ချက်ပေးဖို့ သူ ပြန်လာခဲ့ချိန်မှာတော့ သူတို့အိမ်ထောင်ရေးကို အဖတ်ဆည်ဖို့ နောက်ကျသွားခဲ့ပါပြီ။

နှစ် ၂၀ ကြာခဲ့တဲ့ ပထမအိမ်ထောင်နဲ့ ကွာရှင်းပြီးချိန်မှာ စားသောက်ဆိုင် ဧည့်ကြိုမလေးနဲ့ ချစ်သူဖြစ်၊ နောက်အိမ်ထောင် ထပ်ပြုပြီး သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ စာအုပ်ရေးဖို့၊ ရုပ်သံရှိုးတွေလုပ်ဖို့ ခရီးထွက်ရင်းနဲ့ပဲ အချိန်ကုန်နေလို့ ဒုတိယအိမ်ထောင်ကလည်း ၉ နှစ်အကြာမှာ အဆုံးသတ်ခဲ့ပြန်ပါတယ်။

အန်တိုနီဘိုးဒိန်းက အီတလီမင်းသမီး အေးရှာအာဂျန်တိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့ချိန်မှာ သူ့အတွက် အဘက်ဘက်က ကာကွယ်ပေးခဲ့သူပါ။ အေးရှားအာဂျန်တိုက ဟာဗေးဝိန်းစတိန်းရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတဲ့အကြောင်း ဖွင့်ဟချိန်မှာ အန်တိုနီဘိုးဒိန်းက #MeToo လှုပ်ရှားမှုကို ဦးဦးဖျားဖျား အားပေးထောက်ခံတဲ့ စားဖိုးမှူးတစ်ယောက်ပါ။

ဒါပေမဲ့ အေးရှားအာဂျန်တိုကလည်း အသက် ၃၅ နှစ်အရွယ်တုန်းက သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ၁၇ နှစ်အရွယ် လူငယ် ဂျင်မီဘန်းနက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ဖူးတယ်လို့ တန်ပြန်စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီအချိန်မှာလည်း အန်တိုနီဘိုးဒိန်းက ဂျင်မီဘန်းနက်ကို လျော်ကြေး ဒေါ်လာ ၃၈၀၀၀၀ သွားပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လပထမပတ်မှာတော့ ဂျာနယ်လစ် ဟူဂိုကလီးမန့်နဲ့ မင်းသမီး အေးရှားအာဂျန်တိုတို့ ဖက်ယမ်းနမ်းရှုတ်နေတဲ့ ပါပါရာဇီဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အန်တိုနီဘိုးဒိန်း ပေါက်ကွဲခဲ့ပြီး သူ့ရဲ့အင်စတာဂရမ်မှာ ဖောက်ပြန်သူကို လက်စားချေတဲ့ ဇာတ်ကားနာမည် ရေးတင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ရက်ပိုင်းအကြာမှာတော့ ပြင်သစ်နိုင်ငံက ဟိုတယ်ခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးနေတဲ့ အန်တိုနီဘိုးဒိန်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။အန်တိုနီဘိုးဒိန်း ကွယ်လွန်တဲ့သတင်း ထွက်ပေါ်လာပြီးနောက်မှာ အမေရိကန်သမ္မတ(ဟောင်း) အိုဘားမား၊ (ထိုစဉ်က ) လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နယ်ပယ်အသီးသီးရဲ့ ထင်ပေါ်ကျော်ကြားသူတွေက ဝမ်းနည်းစကားဆိုခဲ့ကြပါတယ်။

အန်တိုနီဘိုးဒိန်း ကွယ်လွန်ခဲ့ပြီးနောက်မှာတော့ အေးရှားအာဂျန်တိုက တခြားချစ်သူနဲ့ တွဲနေတဲ့အကြောင်းကို ဝန်ခံသွားခဲ့ပါတယ်။ အန်တိုနီဘိုးဒိန်းရဲ့ပရိသတ်တွေကတော့ အေးရှားအာဂျန်တိုကို လူသတ်သမားလို့ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဆေးစစ်ချက်တွေမှာလည်း အန်တိုနီဘိုးဒိန်းက မူးယစ်ဆေး သုံးစွဲထားခြင်း မတွေ့ရှိခဲ့ပါဘူး။

Ref: Complicated, Talented, Dark, and Deep: the Story of Anthony Bourdain

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top