အီဂျစ်နိုင်ငံကနေ ခိုးထုတ်ခံခဲ့ရတဲ့ ရှေးဟောင်းအခေါင်းကို နယူးယော့ခ်အနုပညာပြတိုက်က ပြန်လည်ပေးအပ်

yyl-004-8.jpg

အီဂျစ်နိုင်ငံကနေ ခိုးထုတ်ခံခဲ့ရတဲ့ ရှေးဟောင်းအခေါင်းကို နယူးယော့ခ်မြို့ အနုပညာပြတိုက်က အီဂျစ်နိုင်ငံထံ ပြန်ပေးခဲ့ပါတယ်။ နက်ဂျီမန်ခါလို့ အမည်ရတဲ့ ဘုန်းတော်ကြီးရဲ့ နှစ်သက်တမ်း ၂၁၀၀ ရှိတဲ့ အခေါင်းဟာ အီဂျစ်နိုင်ငံက ရှေးဟောင်းအနုပညာပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အနုပညာပစ္စည်း မှောင်ခိုကူးတဲ့ကွန်ရက်က စာရွက်စာတမ်းအတုတွေသုံးပြီး ရှေးဟောင်းအခေါင်းကို ရောင်းချခဲ့တာပါ။

သူတို့က ရွှေရည်စိမ်အခေါင်းကို ဂျာမနီနိုင်ငံထံ အရင်ဆုံးပို့ဆောင်ပြီး အဲဒီမှာ ရုပ်လုံးပေါ်လာအောင် ပြန်လုပ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံကနေ ပြင်သစ်နိုင်ငံထံ ပို့ဆောင်ခဲ့တာပါ။ နယူးယော့ခ်မြို့ အနုပညာပြတိုက်ဟာ ရှေးဟောင်းအခေါင်းကိုရဖို့အတွက် ပဲရစ်မြို့မှာနေထိုင်တဲ့ အနုပညာပစ္စည်း ရောင်းဝယ်ဖောက်ကားသူထံကနေ အမေရိကန်ဒေါ်လာ ၄ သန်းပေးပြီး ဝယ်ယူခဲ့တာပါ။ ရှေးဟောင်းအခေါင်းရောင်းချရာမှာ ၁၉၇၁ ခုနှစ်က အသုံးပြုခဲ့တဲ့ အီဂျစ်နိုင်ငံရဲ့ ပို့ကုန်လိုင်စင်အတုနဲ့ တခြားစာရွက်စာတမ်းအတုတွေကို
အသုံးပြုခဲ့ကြတာလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

ဘီစီ ၁ ရာစုက ဖန်တီးခဲ့တဲ့ ရွှေရည်စိမ်အခေါင်းကို ၂၀၁၁ ခုနှစ်မှာ ဖောက်ထွင်းခိုးယူပြီး အီဂျစ်နိုင်ငံကနေ ခိုးထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။ ရွှေရောင်စိမ်အခေါင်းကို ၂၀၂၀ ပြည့်နှစ်ကျရင် အီဂျစ်နိုင်ငံမှာ ခင်းကျင်းပြသသွားဖို့ စီစဉ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top