မြန်မာ့သမိုင်းတစ်လျှောက် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရာဆိုးတဲ့မင်းသုံးပါးရဲ့လက်ထက်တွေမှာပဲ မြန်မာတစ်နိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူးပါတယ်။ ဗြိတိသျှအစိုးရလက်အောက်မှာတော့ တိုင်းရင်းသားတွေကို ခွဲခြားအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိခဲ့ဘဲ သွေးကွဲမှုတွေတောင်ရှိခဲ့ပါတယ်။
ဗြိတိသျှလက်အောက်ကလွတ်မြောက်ရေးကို နှစ် ၇၀ ကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းခဲ့ရာမှာ လွင်ပြင်သားနဲ့ တောင်တန်းသားတို့ တစ်ကြိမ်မှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတယ်လို့ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာမှာတော့ တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့ပြီး ဂျပန်တွေကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။
လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်တဲ့အခြေအနေရှိလာခဲ့ပေမဲ့လည်း ဗြိတိသျှနယ်ချဲ့တွေဟာ တောင်တန်းသားတွေကို သူတို့လက်အောက်က မလွတ်စေလိုသေးတာကြောင့် တောင်တန်းသားတွေကို အမျိုးမျိုးအဖုံဖုံနားလှည့်ခဲ့ကြပါတယ်။
၁၉၄၆-ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယံမှာကျင်းပတဲ့ ဖဆပလညီလာခံကြီးကနေ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းရင်းသားအားလုံး လက်တွဲဆောင်ရွက်ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံထူထောင်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ ဆုံးဖြတ်ချက်အတိုင်းဖြစ်မြောက်နိုင်အောင် မြန်မာခေါင်းဆောင်ကြီးတွေက ကြိုးပမ်းခဲ့ကြပါတယ်။
ရှမ်းစော်ဘွားများညီလာခံကို ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းဗဟိုချက်မှာရှိတဲ့ ပင်လုံမြို့လေးမှာ ၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်တဲ့ သခင်နု၊ ဦးဘဂျမ်းနဲ့ မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြပြီး ဗြိတိသျှနယ်ချဲ့တွေရဲ့ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေတဲ့ ရှမ်းအမျိုးသားတွေကို ရှင်းလင်း ပြောဆိုခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်တော်အဖွဲ့က ဗြိတိန်နိုင်ငံကို မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာမှာ ပြည်မကြီးရော တောင်တန်းဒေသတွေကိုပါ လွတ်လပ်ရေးပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ ဗြိတိသျှတွေဘက်ကတော့ ပြည်မကြီးကိုပဲ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသတွေ ဆက်သိမ်းပိုက်ထားဖို့ အကြံအစည်ရှိနေခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့က တောင်တန်းဒေသတွေမပါတဲ့လွတ်လပ်ရေးဟာ မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိတဲ့လွတ်လပ်ရေး ဖြစ်တာမို့ တောင်တန်းဒေသတွေကို ပြည်မကြီးနဲ့တပြိုင်တည်း လွတ်လပ်ရေးပေးဖို့ပဲ အရေးဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ ဗြိတိသျှအစိုးရတို့ ဘိလပ်မှာ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တွေက မြန်မာနိုင်ငံမှာ တောင်တန်းသားတွေနဲ့ လွင်ပြင်သားတွေ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြပါတယ်။ ဒါကြောင့် မြန်မာ့ခေါင်းဆောင်ကြီးတွေဟာ တောင်တန်းဒေသတွေဆီသွားရောက်ပြီး တိုင်းရင်းသားစည်းလုံးရေးအတွက် ဟောပြောလှုံ့ဆော်ခဲ့ကြပါတယ်။
ဘိလပ်မှာဆွေးနွေးနေဆဲလွတ်လပ်ရေးကိစ္စမှာ ဗြိတိသျှတွေက ပရိယာယ်သုံးပြီး တောင်တန်းဒေသတွေအနေနဲ့ ပြည်မကြီးနဲ့ ပူးပေါင်းဖို့ သဘောတူရင် ပြည်မကြီးရော တောင်တန်းဒေသတွေပါ တပြိုင်တည်း လွတ်လပ်ရေးပေးမှာဖြစ်ပြီး ပြည်မနဲ့ တောင်တန်းပူးပေါင်းရေးကို တောင်တန်းသားတွေကသာ ဆုံးဖြတ်ပါစေလို့ ပြောဆိုကာ ယင်းသဘောသက်ဝင်တဲ့ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဝင်တွေဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပင်လုံညီလာခံကြီးကိုတက်ရောက်ပြီ်း ပြည်မနဲ့ တောင်တန်းဒေသပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေမှာ တိုင်းရင်းသားပေါင်းစုံညီညွတ်မှုကိုရရှိခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၁၀ နာရီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တောင်တန်းဒေသကိုယ်စားလှယ် (၂၁) ဦးတို့က တိုင်းရင်းသားသွေးစည်းမှုအဆောက်အအုံကို တည်ဆောက်ဖို့အတွက် တောင်တန်းဒေသတွေက ပြည်မကြီးနဲ့ပူးပေါင်းဖို့သဘောတူညီတဲ့ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုမျိုး တစ်ပြည်ထောင်လုံးကတိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့နေ့ကို ‘‘ပြည်ထောင်စုနေ့’’ လို့ ခေါ်ဝေါ်သမုတ်ခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။
ဗြိတိသျှအစိုးရကလည်း ပြည်မကြီးရော တောင်တန်းဒေသတွေကိုပါ တပြိုင်တည်း လွတ်လပ်ရေးပေးဖို့ သဘောတူညီခဲ့ရပါတော့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်မြောက်ရေးကို အဲဒီနေ့မှာ အုတ်မြစ်ချနိုင်ခဲ့တာဖြစ်တာကြောင့် ပြည်ထောင်စုနေ့ဟာ ပြည်ထောင်စုတိုင်းရင်းသားတိုင်း မမေ့လျော့အပ်တဲ့ နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘လို့ မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကာ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ပါတယ်။ ၁၉၄၈ နဲ့ ၁၉၄၉ ခုနှစ်တွေမှာ ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကို ပင်လုံမြို့မှာကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်ကစလို့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ ၁၉၅၄ ခုနှစ်ကစတင်ပြီး ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာပြည်နယ်အသီးသီးက ပြည်ထောင်စုနေ့သဘင်ကျင်းပချိန်အမီ ရန်ကုန်မြို့အရောက် လက်ဆင့်ကမ်းသယ်ယူစေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီနှစ်မှာ တိုင်းရင်းသားလူမျိုးစုတွေပူးပေါင်းသွေးစည်းရာ ပင်လုံမြို့ကနေ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့အရောက် လက်ဆင့်ကမ်းသယ်ယူလာခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်လက်ကို ပေးအပ်ခဲ့ပါတယ်။
Ref: မြန်မာ့သမိုင်း၊ ShweEainSi Facebook
Team (ရိုးရာလေး