အာရှအကြီးဆုံး ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ကို တစ်လကျော်ကြာကျင်းပမယ်

yyl-007-7.jpg

အာရှအကြီးဆုံး ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ဖြစ်တဲ့ (၁၂) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ရန်ကုန်မြို့ရဲ့ နေရာ ၈ နေရာမှာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ် ၂၁ ရက်အထိ တစ်လကျော်ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံပွဲတော်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက Rosewood ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။”ကျွန်တော်တို့နိုင်ငံက CC ရဲ့ဒဏ်ကို ခံရနိုင်တဲ့ နိုင်ငံထဲမှာ တတိယလို့ ပြောပါတယ်။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို သတိရှိဖို့လိုပြီ။ တစ်ဦးချင်းအနေနဲ့လည်း ဆင်ခြင်ကြဖို့ လိုပါပြီ။ ဒီပွဲတော်က ဒါလေးတွေကို ပြောပြချင်တာပါ”လို့ ရန်ကုန်ဓာတ်ပုံပွဲတော်ရဲ့ Program Manager ကိုပြေကျော်မြင့်က ပြောပါတယ်။

ရန်ကုန်ဓာတ်ပုံပွဲတော်မှာ ကမ္ဘာတစ်ဝှမ်းက အရေးကြီးကိစ္စရပ်တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်တာတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်တာနဲ့ လူမှုတရားမျှတတာ စတဲ့ မှတ်တမ်းဓာတ်ပုံလက်ရာ ၂၀၀ ကျော်ကို စုစည်းပြသသွားမှာပါ။ ဒီဓာတ်ပုံ ၂၀၀ ကျော်ဟာ နိုင်ငံတကာက အထင်ကရဓာတ်ပုံဆရာတွေ၊ မြန်မာနိုင်ငံက နာမည်ကျော်ဓာတ်ပုံဆရာတွေ၊ တိုင်းရင်းသားဒေသတွေက တက်သစ်စ ဓာတ်ပုံပညာရှင်တွေ ရိုက်ကူးထားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။

“ရန်ကုန်ဓာတ်ပုံပွဲတော်ဟာ မြန်မာနဲ့ နိုင်ငံတကာက ဓာတ်ပုံဆရာတွေ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်သလို အရေးကြီးတဲ့အကြောင်း အရာတွေကိုလည်း ဆွေးနွေးဖလှယ်နိုင်မှာ ဖြစ်ပါတယ်”လို့ ရန်ကုန်ဓာတ်ပုံပွဲတော်ရဲ့ အနုပညာဒါရိုက်တာ Christophe Loviny က ပြောပါတယ်။ ရန်ကုန်ဓာတ်ပုံပွဲတော်ကို မဟာဗန္ဓုလပန်းခြံ၊ Goethe Institut ၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ ရန်ကုန်ဘူတာကြီး၊ Rosewood ဟိုတယ်၊ Junction City ၊ မြန်မာဒိဌ၊ အလှသစ်အနုပညာပြခန်း စတဲ့ နေရာ ၈ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပြီးတော့ မှတ်တမ်းတင်ဇာတ်လမ်းတိုတွေကိုလည်း ပြသသွားမှာပါ။

ရန်ကုန်ဓာတ်ပုံပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီးတော့ အခုနှစ်ပွဲတော်အတွက်ကို နယ်သာလန်၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေပါဝင်တဲ့ ဥရောပကိုယ်စားလှယ်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ Goethe Institut နဲ့ Rosewood ဟိုတယ်တို့က ပံ့ပိုးကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

KST (ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top