နေ့စဉ် ခြေလှမ်းတစ်သောင်းလျှောက်ပေးတာက အသက်ပိုရှည်စေမလား

gettyimages-961726470.jpg

တစ်နေ့ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပေးခြင်းဟာ ကျန်းမာရေးနဲ့အင်မတန်ညီညွတ်စေတယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ အားလုံးကြားဖူးနေကျဖြစ်ပါတယ်။ ခြေလှမ်းတစ်သောင်းဟာ သက်ကြီးရွယ်အိုတွေ၊ အလုပ်များတတ်သူတွေအတွက်တော့ ဝန်ပိစေတဲ့အရေအတွက်မို့ ကျွန်တော်တို့တစ်ချက်တိုက်စစ်ကြည့်ရအောင်။

အမျိုးသမီးတွေအပေါ် အထူးပြုလေ့လာခဲ့တဲ့ သုတေသနရလာဒ်အသစ်တစ်ခု ထွက်ပေါ်လာခဲ့ရာမှာတော့ အမျိုးသမီးတွေဟာ တစ်နေ့တာကို ခြေလှမ်း (၄၄၀၀) လမ်းလျှောက်ပေးရုံနဲ့တင် တစ်နေ့ကို ခြေလှမ်း (၁၇၀၀) အောက် လမ်းလျှောက်သူ အမျိုးသမီးတွေထက် သေဆုံးနိုင်ချေ (၄၁) ရာခိုင်နှုန်းအထိ လျော့နည်းသွားစေမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒါက လူတိုင်းအတွက် အတော့်ကို ဝန်နည်းစေတဲ့ ခြေလှမ်းအရေအတွက်ပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို လုပ်ဆောင်နိုင်မယ့်အခြေအနေမျိုးပါ ” လို့ ဒီသုတေသနရဲ့ဦးဆောင်သူ အိုင်မင်လီ (I-Min-Lee) က ပြောသွားပါတယ်။

ခြေလှမ်းတစ်သောင်းလျှောက်နိုင်မှ ကျန်းမာနိုင်မယ်ဆိုတဲ့ အစွဲကိုတော့ အိုင်မင်လီက အခုလိုရှင်းပြခဲ့ပါတယ်။

“၁၉၆၅ ခုနှစ်တုန်းက ခြေလှမ်းရေတွက်တဲ့စက် (Pedometer) ကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုက ဒါကို ပြောခဲ့တာဖြစ်ပါတယ်။ သူတို့ကသိပ္ပံနည်းကျအခြေခံမှုထက် ပစ္စည်းရောင်းကောင်းဖို့ကို ပိုဇောင်းပေးခဲ့တဲ့သဘောပါပဲ ”

အိုင်မင်လီတို့ သုတေသီအဖွဲ့ဟာ ပျမ်းမျှ အသက်အရွယ် (၇၂) နှစ် ရှိတဲ့ အမျိုးသမီး (၁၇၀၀၀) ကို တင်ပားမှာ လှုပ်ရှားမှုတိုင်းတာတဲ့ စက်ကိုတပ်ဆင်ပေးကာ တစ်ပတ်တာလေ့လာခဲ့ပြီး သူတို့ကို (၄) နှစ်ကျော်ကာလအထိ ဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီကာလအတွင်း အမျိုးသမီး (၅၀၂) ဦးဟာ သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူတွေထဲက (၂၇၅) ဦးဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး တစ်နေ့ကို ပျမ်းမျှ ခြေလှမ်း (၂၇၀၀) သာ လမ်းလျှောက်ခဲ့သူတွေပါတဲ့။

“ကိုယ်လက်လှုပ်ရှားမှုနည်းပါးနေတဲ့ အမျိုးသမီးတွေအနေနဲ့ သေဆုံးနိုင်ချေက အတော်မြင့်မားသလို တစ်နေ့ကို ခြေလှမ်း (၄၅၀၀) ဝန်းကျင် လမ်းလျှောက်ပေးရုံနဲ့တင် ကျန်းမာရေးနဲ့ညီညွတ်စေတယ်ဆိုတာကို သိစေလိုပါတယ် ”

“ဘာမှမလုပ်ဖြစ်ဘူးဆိုရင် အခုပဲ ခြေလှမ်း (၄၅၀၀) အထိရောက်အောင် ထပြီးလမ်းလျှာက်လိုက်ပါ။ ကျန်းမာရေးအကျိုးကျေးဇူးတွေကို စပြီးသိမြင်ခံစားလာပါလိမ့်မယ်။ ခြေလှမ်းတစ်သောင်း လျှောက်ရမှကျေနပ်မယ့် သူတွေအဖို့လည်း လျှောက်သာလျှောက်ကြပါလို့ တိုက်တွန်းပါတယ်။ ခြေလှမ်းနှေးတာ၊ မြန်တာက အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက ခြေလှမ်းအရေအတွက်သာ ဖြစ်ပါတယ် ” လို့ အိုင်မင်လီက တိုက်တွန်းအကြံပြုသွားခဲ့ပါတယ်။

Ref: CNN “Just 4,400 steps a day tied to women living longer, study says”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top