တွေ့ဆုံပြီး (၁၁) ရက်အကြာမှာ လက်ထပ်ပြီး (၃၅) နှစ်ကြာ ရွှေလက်တွဲမြဲမြံလာခဲ့တဲ့ ရှားရှားပါးပါး စုံတွဲ

we1.jpg

ဝါရှင်တန်မြို့မှာ လက်ရှိနေထိုင်နေတဲ့ အသက် (၅၃) နှစ်အရွယ် ဒေါက်ဂလပ်စ် (Douglas) နဲ့ သူ့ရဲ့ အသက် (၅၀) အရွယ် ဇနီးဖြစ်သူ ဘီလီ (Billy) တို့ဟာ နဖူးစာစစ်မှန်ခဲ့ကြတဲ့ ချစ်သူစုံတွဲတွေ ဖြစ်ခဲ့ကြပြီး အကြောင်းကတော့ သူတို့ရဲ့ဖူးစာက ငယ်ရွယ်စဉ်က စတင်ဆုံစည်းကြတဲ့ တစ်ပတ်အတွင်းမှာတင် စေ့စပ်ဖြစ်ခဲ့ကြပြီး နောက် (၄) ရက်အကြာမှာပဲ လက်ထပ်ဖြစ်ခဲ့ကြတဲ့အထိ ထူးခြားဆန်းကြယ်ခဲ့လို့ပါပဲ။

ပိုပြီးတော့ကို အံ့သြမင်သက်စရာဖြစ်စေခဲ့တာက လက်ရှိ အိမ်ထောင်သက် (၃၅) နှစ် ကြာမြင့်လာတဲ့အထိလည်း သူတို့အိမ်ထောင်ရေးကို လက်တွဲမဖြုတ်စတမ်း အပျော်ရွှင်ဆုံးတည်ဆောက်ထားနိုင်ခဲ့ကြသူတွေအဖြစ် အတုယူလေးစားဖွယ်ကောင်းသလို အားကျချင်စရာကောင်းလောက်အောင် မြင်သာနေခဲ့တဲ့ အချစ်စစ်ရဲ့တန်ဖိုးကြောင့်ပါပဲ။ သူတို့ဟာ ငယ်ရွယ်စဉ်မှာမို့ အလောတကြီးလက်ထပ်ယူခဲ့ကြသလား ထင်စရာဖြစ်ခဲ့ပေမယ့် အသက်တွေကြီးရင့်လာတဲ့အထိ ချစ်စကြင်စကအတိုင်း အပြောင်းအလဲမရှိဘဲ တစ်ယောက်ကိုတစ်ယောက် အရူးအမူး စွဲလမ်းနေကြဆဲဖြစ်ပါတယ်။

သူတို့ လက်ထပ်ခဲ့စဉ်က ဒေါက်ဂလက်စ်က အသက် (၂၁) နှစ်အရွယ်သာ ရှိသေးပြီး သားသမီးလေးဦး ထွန်းကားခဲ့ပြီးနောက် မခွဲစတမ်း အချိန်တွေအတူတူဖြတ်သန်းလာခဲ့တဲ့ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ ချစ်သူများနေ့က မင်္ဂလာသက်တမ်းအဖြစ် အိမ်ထောင်သက် (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနောက်ကွယ်မှာတော့ သူတို့အတွက် အချစ်ဟာ ဘဝသုခဖြစ်စေပြီး လက်တွဲမြဲမြံစေခဲ့တဲ့ အိမ်ထောင်ရေးလျှို့ဝှက်ချက်လည်း ရှိနေပြန်ပါတယ်။ ဒီအချက်ကို ဘီလီ ဖွင့်ဟပြခဲ့ပုံက ဒီလိုပါ။

“ကျွန်မတို့က ပြင်ပပတ်ဝန်းကျင်ရဲ့ အလွှမ်းမိုးမခံဘူး။ ကျွန်မတို့အချင်းချင်း ယုံကြည်မှုပြည့်ဝကြတယ်။ အပြန်အလှန်အားကိုးအားထားပြုကြတယ်။ ဖြေရှင်းစရာရှိ အတူတူဖြေရှင်းရင်ဆိုင်ကြတယ်။ တကယ့်ကို စိတ်တူကိုယ်တူပဲ။ ပြီးတော့ အဓိကအချက်ကို ပြောပြမယ်။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အမြဲလိုလို စကားများများပြောဖြစ်ကြတယ်။ သိပ်ကောင်းတဲ့အချက်ပေါ့။ ဒီတော့ တစ်ယောက်စိတ်ကို တစ်ယောက်ထွင်းဖောက်မြင်လာတယ်။ အမြင်သဘောထားမတူ၊ ကွဲလွဲတာတွေလည်းရှိတာပဲ။ ဒါပေမယ့် ကျွန်မတို့က အပြန်အလှန် လေးစားမှုအပြည့်အဝထားပြီး ဆက်ဆံကြတယ်။ ဒါကြောင့် ကျွန်မတို့ဆက်ဆံရေးက ခိုင်မြဲလာပြီး ပြိုကွဲစရာအကြောင်းမရှိတော့တာပဲဖြစ်လိမ့်မယ်။ မတူညီတဲ့ သူစိမ်းနှစ်ယောက် သက်တမ်း (၃၅) နှစ် လက်တွဲနိုင်ခဲ့တဲ့ အိမ်ထောင်ရေးသုခဆိုတာရဲ့ နောက်ကွယ်က အကြောင်းရင်းခံက ဒါပါပဲ။ ”

Ref: DailyMail “Couple who married ELEVEN days after meeting are still happily wedded 34 years later…”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top