လမ်းမှာ အမှတ်တမဲ့တွေ့လိုက်တဲ့ ကလေးလေးပေါ်ထားရှိတဲ့ သူစိမ်းအမျိုးသားတစ်ဦးရဲ့မေတ္တာ

18-2-2021-yyl-17.jpg

ကမ္ဘာပေါ်က လူတိုင်းဟာ အကြင်နာတရား၊ မေတ္တာတရားထားတတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ အကြင်နာတရား၊ မေတ္တာတရားထားတာကို လူတိုင်းမလုပ်နိုင်ကြပါဘူး။ သူစိမ်းကလေးလေးအပေါ် မေတ္တာထားခဲ့တဲ့ လူဝီစီယားနားပြည်နယ်က အမျိုးသားတစ်ဦးကို လူတိုင်း စံနာမူနာယူသင့်တယ်လို့ ဆိုရမှာပါပဲ။ အသက် ၃၀ အရွယ် ဒီဗင် ဟင်စတွန် (Devin Hinkston) ဆိုတဲ့ အဲဒီအမျိုးသားဟာ ကားမောင်းလာရင်းနဲ့ လမ်းမှာ ဘတ်စကတ်ဘောကစားနေတဲ့ ကလေးလေးတစ်ဦးကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီကလေးလေးနားကို အနီးကပ်သွားကြည့်တော့ အဲဒီကလေးလေးဟာ ဘတ်စကတ်ဘောလုံးအဖြစ် သံဗူးခွံတစ်ခုကို အသုံးပြုပြီး ကစားနေခဲ့တာကို တွေ့ခဲ့ရတာပါပဲ။ အဲဒါကြောင့် ဒီဗင်ဟာ ကလေးလေးအတွက် သံဗူးခွံအစား ဘတ်စကတ်ဘောလုံးကို ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

“သူတစ်ပါးအပေါ် ကြင်နာတရားထားပြီး လုပ်ရတဲ့ကိစ္စရပ်တွေကို အမြဲလုပ်ဖြစ်ပါတယ်။ ကျွန်တော် မုန့်ဆိုင်နားမှာ ကလေးတွေမြင်ရင် သူတို့တွေစားဖို့ တစ်ခုခုဝယ်ပေးပါတယ်။ အိမ်ရာမဲ့တစ်ယောက်ကို တွေ့ရင် ဂျာကင်နဲ့ အစားအစာတွေ ဝယ်ပေးပါတယ်။ ကျွန်တော် အဲဒီတွေလုပ်ပေးတာကို ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်တော့မှ မတင်ပါဘူး။ ကျွန်တော်လုပ်ပေးတာက တစ်ခုခုကို မျှော်ကိုးပြီးလုပ်နေတာမဟုတ်လို့ပါ။ ကျွန်တော် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲလုပ်ပေးချင်လို့ပါ” လို့ ဒီဗင်က ပြောပါတယ်။

ဒီဗင်က ဘတ်စကတ်ဘောလုံးတစ်လုံးနဲ့ အိမ်တစ်အိမ်ကို သွားခဲ့ပါတယ်။ အဲဒီအိမ်ရောက်တော့ ပတ်ထရီစီးယား ဝီလျံ (Patricia Williams) နဲ့ သူ့ရဲ့မြေးလေး ဂျီရီမီအာ (Jeremiah) တို့ ထွက်လာပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဒီဗင်ဟာ သံဗူးခွံနဲ့ ဘတ်စကတ်ဘောကစားနေတဲ့ ကလေးလေးတစ်ဦးကို ကားမောင်းရင်းနဲ့ တွေ့ခဲ့တယ်။ သူ့ကို လက်ဆောင်ပေးချင်တယ်လို့ ပတ်ထရီစီးယားကို ပြောခဲ့ပါတယ်။ ဒီဗင်ပြောနေတဲ့ ကလေးလေးဟာ ပတ်ထရီးစီးယားရဲ့မြေးလေးပါပဲ။

ပတ်ထရီးစီးယားကလည်း သူ့မြေးလေးကို သူစိမ်းအမျိုးသားက ဘတ်စကတ်ဘောလုံးလက်ဆောင်ပေးမယ်ဆိုတာ သိရလို့ မျက်ရည်ကျမတတ်ဖြစ်ခဲ့ရပါတယ်။ ဒီဗင်လည်း ပတ်ထရီစီးယားလိုပဲ ဝမ်းသာပီတီဖြစ်ခဲ့ရပါတယ်။ ပတ်ထရီစီးယားရဲ့မြေးလေးဟာ ဘတ်စကတ်ဘောကစားရတာကြိုက်ပြီး ဘုရားကျောင်းဝန်းထဲ သွားကစားလေ့ရှိတယ်။ သူ အကြိုက်ဆုံးကစားသမားက LeBron James လို့ ဆိုပါတယ်။ သူကစားနေကျ ဘတ်စကတ်ဘောအသင်းရှိတယ်လို့လည်း သိရပါတယ်။

ပတ်ထရီစီးယားက ဂျီရီမီအာနဲ့ ဒီဗင်တို့နှစ်ယောက်တွဲပုံရိုက်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တာကနေ လူမှုကွန်ယက်အသုံးပြုသူတွေသိသွားခဲ့တာပါ။ ဒီဗင်က အဲဒီမိသားစုနဲ့ အဆက်အသွယ်ရှိနေတုန်းပါပဲ။ ဒီဗင်ရဲ့အိပ်မက်ကတော့ တစ်နေ့ ကလေးတွေ ကျောင်းဆင်းတဲ့အခါ အားကစားတစ်ခုခုလုပ်နိုင်ဖို့အတွက် အကျိုးအမြတ်မယူဘဲ ရန်ပုံကို ထောက်ပံ့ပေးနိုင်ဖို့ပါပဲ။

Ref: ABCNews “Stranger buys boy a basketball hoop after seeing him shooting hoops into a trash can”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top