သားသမီး (၅) ယောက်ကိုသတ်ခဲ့တဲ့ခင်ပွန်းကို သေဒဏ်မချဖို့ ဇနီးဟောင်းတောင်းဆို

64349339_2427729877257918_223940810289184768_n.jpg

သားသမီး (၅) ယောက်ကို သတ်ခဲ့တဲ့ ခင်ပွန်းကို သေဒဏ်မချဖို့ ဇနီးဟောင်းက အမေရိကန်ဂျူရီအဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။ အသက် (၃၇) နှစ်ရှိတဲ့ တင်ဂျုံးစ်ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့က ကင်တက်ကီပြည်နယ် လက်ဆင်တန်မြို့က နေအိမ်မှာ အသက်တစ်နှစ်ကနေ (၈) နှစ်ကြားအရွယ်ရှိတဲ့ သားသမီး (၅) ယောက်ကို သတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်လို့ ပြီးခဲ့တဲ့မေလမှာ စီရင်ချက်ချမှတ်ခံခဲ့ရသူပါ။ သူ့ကို ဂျူရီအဖွဲ့က သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ဖို့ ချင့်ချိန်နေပါတယ်။

တင်ဂျုံးစ်က သူ့သားသမီးတွေအပေါ် အညှာတာကင်းမဲ့ခဲ့ပေမဲ့ သူ့ရဲ့ခံယူချက်အတိုင်း သေဒဏ်ချမှတ်တာကို ဆန့်ကျင်တယ်လို့ ဇနီးဟောင်း အမ်ဘာခိုင်ဇာက ပြောပါတယ်။ တင်ဂျုံးစ်နဲ့ အမ်ဘာခိုင်ဇာတို့ဟာ ၂၀၀၄ ခုနှစ်က တွေ့ဆုံခဲ့ကြပြီး (၆) ပတ်အကြာမှာပဲ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ တင်ဂျုံးစ်က ဘာသာရေးအယူသည်းလို့ ၉ နှစ်အကြာမှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ တင်ဂျုံးစ်က Intel ကုမ္ပဏီရဲ့အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေပြီး တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ (၈၀၀၀၀) ရနေသလို ကားလည်းရှိလို့
တင်ဂျုံးစ်ကို ကလေးအုပ်ထိန်းခွင့်ပေးခဲ့ပါတယ်။

အမ်ဘာခိုင်ဇာကတော့ သူ့သားသမီးတွေကို စားသောက်ဆိုင်မှာ တစ်ပတ်တစ်ခါ လာတွေ့တတ်ပါတယ်။ တစ်ရက်မှာတော့ (၆) နှစ်အရွယ် သားဖြစ်သူက မီးပလပ်ပေါက်တစ်ခုမှာကစားနေတာကိုတွေ့သွားတဲ့ တင်ဂျုံးစ်ဟာ ထိန်းမနိုင် သိမ်းမရ ဒေါသထွက်သွားပြီး ကလေးကို သတ်ခဲ့ပါတယ်။ ဒါ့အပြင် တခြားကလေးငယ် (၄) ယောက်ကိုပါ ထပ်သတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကလေးတွေရဲ့ ရုပ်အလောင်းကို ပလတ်စတစ်နဲ့ပတ် ကားပေါ်တင်ပြီး (၉) ရက်တိုင်တိုင် ကားပတ်မောင်းခဲ့ပါတယ်။ နောက်ဆုံးမှာ အလာဘားမားပြည်နယ်က ခပ်ဝေးဝေးနေရာတစ်ခုမှာ အလောင်းတွေကို စွန့်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကားထဲက ထွက်လာတဲ့ အော့နှလုံးနာစရာ အနံ့အသက်ကို မီးပွိုင့်မှာစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ကသတိထားမိပြီး တင်ဂျုံးစ်ကို ဖမ်းဆီးခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top