လွန်ခဲ့တဲ့ နှစ် (၂၅၀၀) ကတည်းက ဆေးခြောက်သုံးစွဲခဲ့တဲ့အထောက်အထားတွေ့ရှိ

64503993_2427728813924691_919153078999973888_n.jpg

တရုတ်နိုင်ငံအနောက်ပိုင်းက သင်္ချိုင်းဂူတွေထဲမှာ အစောဆုံး ဆေးခြောက်သုံးစွဲခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ အနည်းဆုံး လွန်ခဲ့တဲ့ နှစ် (၂၅၀၀) ကတည်းက ဆေးခြောက်ရှူခဲ့ကြပြီး ထုံးတမ်းစဉ်လာ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့ သုတေသနမှာ ယူဆထားပါတယ်။ ပါမီရာတောင်ပေါ်မှာရှိတဲ့ ဂျာဇန်ကယ်သင်္ချိုင်းဂူတွေထဲက သစ်သားပြာခွက်တွေထဲမှာ ဆေးခြောက်အကြွင်းအကျန်တွေ တွေ့ရှိခဲ့ပါတယ်။

ရှေးခေတ်လူတွေက ဆေးခြောက်အရွက်တွေနဲ့ အပူပေးထားတဲ့ ကျောက်တုံးတွေကို သစ်သားပြာခွက်ထဲထည့်ပြီး ဆေးခြောက်ရှူခဲ့ကြတာဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။ သိပ္ပံပညာရှင်တွေဟာ gas chromatography-mass spectrometry (ဒြပ်ပေါင်းတွေကို ဒြပ်စင်အဖြစ် ခွဲထုတ်ပြီး အမျိုးအစားခွဲခြားတဲ့)နည်းပညာအသုံးပြုပြီး သစ်သားပြာခွက်ထဲက ကွန်ပေါင်းတွေကို ခွဲခြားဖော်ထုတ်ခဲ့တာပါ။ ဆေးခြောက်မှာ စိတ်ကို ပြောင်းလဲစေတဲ့ THC ကွန်ပေါင်းပမာဏ ပါဝင်မှုများပြားလို့ အဲဒီအချိန်ကတည်းက ဆေးခြောက်ရဲ့ အာနိသင်ကို လူတွေ ရိပ်စားမိမယ်လို့ ယူဆစရာရှိပါတယ်။ အရှေ့အာရှမှာ အနည်းဆုံး ဘီစီ (၄၀၀၀) ကတည်းက ဆေးခြောက်ပင်တွေ စိုက်ပျိုးခဲ့ကြတာပါ။

ဒါပေမဲ့ အစောပိုင်းစိုက်ပျိုးခဲ့တဲ့ ဆေးခြောက်မျိုးစိတ်တွေဟာ THC နဲ့ စိတ်ကိုပြောင်းလဲစေတဲ့ တခြားကွန်ပေါင်း ပါဝင်မှုနည်းပါတယ်။ တရုတ်နိုင်ငံ ရှင်ကျန်းဒေသနဲ့ ရုရှားနိုင်ငံ အယ်တိုင်တောင်တန်းဒေသမှာရှိတဲ့ သင်္ချိုင်းဂူတွေမှာလည်း ဆေးခြောက်သုံးစွဲခဲ့တဲ့ တခြားအထောက်အထားတွေ တွေ့ရှိခဲ့ဖူးပါတယ်။ ဒီလိုတွေ့ရှိမှုဟာ အာရှတိုက်အလယ်ပိုင်းက အရှေ့ဘက်တောင်တန်းဒေသတွေမှာ စိတ်ကို ပြောင်းလဲစေတဲ့ အစွမ်းသတ္တိရှိလို့ ဆေးခြောက်သုံးစွဲကြရာကနေ ကမ္ဘာ့တခြားဒေသတွေကို ပျံ့နှံ့သွားတယ်ဆိုတဲ့ အယူအဆအပေါ် ထောက်ခံသလို ဖြစ်နေတယ်လို့ ဂျာမနီနိုင်ငံ မက်စ်ပလင့်လူ့သမိုင်းသိပ္ပံဌာန ဒါရိုက်တာ နီကိုးဘိုအိုင်ဗင်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top