ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု

Confidence-Belive.jpg

ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာ ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်တာ၊ ကိုယ်ကျင်လည်တဲ့ပညာရပ်ကို ပိုပိုပြီးကောင်းလာအောင် မွမ်းမံတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါရစေ။ နယ်ပယ်တိုင်းမှာ ပရော်ဖက်ရှင်နယ်ဆန်သူတွေရှိသလို၊ ပရော်ဖက်ရှင်နယ် မပီသသူတွေလည်း ရှိပါတယ်။ ပရော်ဖက်ရှင်နယ်ကို ကြေးစားလို့ ဝေါဟာရဖလှယ်ပြီး တလွဲအဓိပ္ပာယ်ကောက်ခဲ့ကြဖူးပေမဲ့ ဒီဘက်ခေတ်မှာတော့ ပရော်ဖက်ရှင်နယ်ရဲ့ အဓိပ္ပာယ်ကို ကြည်ကြည်လင်လင် သိမြင်လာကြပါပြီ။

ကိုယ့်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် မကြိုးစားတဲ့ပရော်ဖက်ရှင်နယ်မပီသသူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ အနည်းနဲ့အများ စိတ်ကသိကအောက် ဖြစ်ရလေ့ရှိပါတယ်။ ဆိုက္ကားဆရာကအစ နည်းပညာရှင်တွေအဆုံး ကိုယ်ကျင်လည်ရာဝန်းကျင်မှာ ကျွမ်းကျင်ကျေညက်နေဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် လွဲချော်တိမ်းစောင်းမှုတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ပီသသူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြပါတယ်။ ဒီနှစ်ခုကလည်း ဆက်စပ်နေတဲ့ အရာတွေပါ။

ပရော်ဖက်ရှင်နယ်ပီသမှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး လတ်တလော အနီးစပ်ဆုံး ဥပမာပေးစရာကတော့ ပရိသတ်အချစ်တော် MMA ကစားသမား အောင်လအန်ဆန်ပါပဲ။ တခြားရပ်ဝန်းတွေမှာ ပရော်ဖက်ရှင်နယ်ပီသခြင်း၊ မပီသခြင်းကို ခွဲခြားဖို့ အချိန်ယူရနိုင်ပေမဲ့ အားကစားလောကမှာ အထူးသဖြင့် တိုက်ခိုက်ရေးပညာရပ်မှာတော့ ပရော်ဖက်ရှင်နယ်ပီသမှုကို မိနစ်ပိုင်းနဲ့ အကဲဖြတ်နိုင်ပါတယ်။

တိုက်ခိုက်ရေးပညာရပ်မှာ ပရော်ဖက်ရှင်နယ်မပီသတာက အန္တရာယ်များလွန်းတဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ ကိုယ်ခံပညာရှင်တွေက ကိုယ့်အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဂရုတစိုက် လေ့ကျင့်ဖြည့်တင်းမထားဘူးဆိုရင် အသက်တောင် ပေးရနိုင်တဲ့ အနေအထားမျိုးပါ။

ဘရာဇီးနိုင်ငံသား မာချာဒိုနဲ့ပွဲမှာ (၂) ချီတည်းနဲ့ ပွဲဖြတ်မယ်လို့ အောင်လအန်ဆန် ပြောခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ တကယ်တမ်း ပွဲကစားချိန်မှာ (၅၆) စက္ကန့်တည်းနဲ့ အောင်လအန်ဆန်က ပွဲဖြတ်နိုင်ခဲ့ပါတယ်။ အားပြင်းလွန်းတဲ့ ခြေကန်ချက်နဲ့ မာချာဒိုကို မှောက်သိပ်ပြီး အနိုင်ယူခဲ့တာပါ။ တစ်ကြိမ်တစ်ခါဆိုရင် တိုက်ဆိုင်မှုလို့ ဆိုကောင်းဆိုနိုင်ပါတယ်။

ဂျပန်နိုင်ငံသား ဟာဆဲဂါဝါနဲ့ပွဲမှာလည်း အောင်လအန်ဆန်က (၂) ချီနဲ့ပွဲဖြတ်မယ်လို့ ပြောထားတဲ့အတိုင်း လုပ်ပြခဲ့ပြန်ပါတယ်။ ဒါကို တိုက်ဆိုင်မှုလို့သတ်မှတ်ရင် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု၊ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကို စော်ကားရာရောက်ပါလိမ့်မယ်။ ဟာဆဲဂါဝါနဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ အောင်လအန်ဆန် ပြောသွားတာတွေကိုကြည့်ရင် သူ့ရဲ့ ပြိုင်ပွဲအပေါ်ချဉ်းကပ်ပုံ၊ ပြိုင်ဘက်အပေါ်ချဉ်းကပ်ပုံတွေက စေ့စပ်လွန်းတယ်လို့ ဆိုရမှာပါ။

ဟာဆဲဂါဝါက ဖိအားဒဏ်မခံနိုင်ရင် (၂) ချီပဲကြာမယ်လို့ ပြောခဲ့တဲ့စကားအရ သူ့ရဲ့အာရုံစူးစိုက်မှုကို အတိုင်းသား မြင်တွေ့ရမှာပါ။ ကြုံလာမယ့်အခြေအနေတွေကို အသေးစိတ်တွက်ဆပြင်ဆင်တာ ပရော်ဖက်ရှင်နယ်တွေရဲ့လုပ်ရပ်ပါပဲ။ ဒါကြောင့်လည်း ကမ္ဘာ့ချန်ပီယံခါးပတ် (၂) ခုတောင် ပိုင်ဆိုင်ထားတာပေါ့။

ကျွန်တော်တို့တွေလည်း လက်တွေ့ဘဝမှာ သူ့လိုအောင်မြင်ချင်ရင် သူ့လို ပရော်ဖက်ရှင်နယ်ဆန်သူဖြစ်ဖို့ လိုပါတယ်။ ကိုယ်ကျင်လည်ရာရပ်ဝန်း၊ ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်ကို အမြဲမပြတ် ပြောင်လက်နေအောင် ပွတ်တိုက်နေမှပဲ လက်တွေ့ဘဝမှာ ချန်ပီယံခါးပတ်နဲ့တူတဲ့ အောင်မြင်မှုတွေရရှိမယ်လို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top