ကလေးငယ်နဲ့ ကျောင်းသားများအကြား မူးယစ်သုံးစွဲမှု ပပျောက်ရေးအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသွားမယ်

yyl-009-5.jpg

ရန်ကုန်တိုင်းအတွင်း အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ကျောင်းသားအရွယ် လူငယ်တွေအကြား တွေ့ကြုံဖြစ်ပွားနေတဲ့ မူးယစ်စိတ်ကြွဆေးပြား(WY)သုံးစွဲမှု ပပျောက်စေရေး အစီအမံတွေ ချမှတ်ဆောင်ရွက် ပေးဖို့ တိုင်းအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
ဒီအဆိုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့မှာ တင်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဦးလှဌေး

”မူးယစ်ဆေးဝါးဖြစ်တဲ့ WY ဆေးဝါးများကြောင့် သက်ငယ်မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက်မှုတွေ၊ သတ်ဖြတ်မှု တွေကို မြောက်များစွာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ပိုဆိုးတာက အရွယ်မရောက်သေးတဲ့ ကျောင်းသား ကလေးငယ်တွေ ကြားမှာ WY ဆေးဝါးတွေ ပျံ့နှံ့နေပါတယ်”လို့ အဆိုရှင် ဦးညီညီက ပြောပါတယ်။

အခုတင်သွင်းတဲ့အဆိုကို မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ထောက်ခံခဲ့သလို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဖြစ်တဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးကလည်း သဘောတူခဲ့ပါတယ်။
ဒါ့အပြင် အဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ သင့်၊ မသင့်ကို လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူရာမှာလည်း သဘောမတူသူမရှိတဲ့အတွက် ဒီအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဦးညီညီ

”စိတ်ကြွဆေး WY ဆေးဝါးသုံးစွဲထားတဲ့အတွက် ပုံမှန်စိတ်တွေကင်းလွတ်ပြီး အသိမဲ့တဲ့ လုပ်ရပ်တွေကို လုပ်လာကြတာဖြစ်ပါတယ်။ အဲဒီလို ကလေးတွေရဲ့ တစ်သက်တာဘဝတွေကို ဆုံးရှုံးအောင်ဖျက်ဆီးသူတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်”လို့ ဦးလှဌေးက ပြောပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ လူသားတစ်ရပ်လုံး ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာဖြစ်ပြီး မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ဆိုပါတယ်။

ဗိုလ်မှူးကြီး အောင်စိုးမိုး

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို နိုင်ငံတော်အဆင့်မှာ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့တွေကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

Photo – Yangon Hluttaw
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top