ကျောင်းသား၊ ကျောင်းသူ ၃၀၀,၀၀၀ ကျော်ကို ပဲနို့တိုက်ကျွေးပြီး အာဟာရဆိုင်ရာ ဗဟုသုတဖြန့်ဝေမယ်

Group-Photo-min.jpg

Vito – Kids are Our Future ဆိုတဲ့ ဆောင်ပုဒ်အရ ကျောင်းသား၊ ကျောင်းသူတွေကို အာဟာရပြည့်ဝတဲ့ ပဲနို့တိုက်ကျွေးပြီး အာဟာရဆိုင်ရာ ဗဟုသုတတွေ ဖြန့်ဝေပေးမယ့် အစီအစဉ်ကို ပူးပေါင်းလုပ်ဆောင်ဖို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေနဲ့ Europe & Asia Beverage Co., Ltd. ရဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၆ ရက်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

၅ နှစ်ကြာ သဘောတူညီမှုအရ ကျောင်းပေါင်း ၄၃၈ ကျောင်းမှာရှိတဲ့ ကျောင်းသားဦးရေ ၃၀၀,၀၀၀ ကျော်ကို အာဟာရပြည့်ဝတဲ့ ပဲနို့တိုက်ကျွေးပြီး အာဟာရဆိုင်ရာ အသိပညာဗဟုသုတတွေ မျှဝေပေးမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အာဟာရ အခြေအနေကိုမြှင့်တင်ပေးပြီး ကျန်းကျန်းမာမာကြီးပြင်းလာအောင် အထောက်အကူပေးနိုင်ဖို့အတွက် Vito ပဲနို့နဲ့ အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တစ်နှစ်ကို နှစ်ကြိမ်နှုန်းနဲ့ ငါးနှစ်ဆက်တိုက် ကျောင်းတွင်းအာဟာရမြှင့်တင်သွားမှာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေဟာ ကျန်းမာပြီး ပညာရည်မြင့်မားဖို့လိုအပ်ပါတယ်။ ကျန်းမာဖို့ဆိုရင် အသားဓါတ်၊ သံဓါတ်၊ ကယ်လစီယမ်၊ အိုင်အိုဒင်း၊ ဗိုက်တာမင်ဒီ အစရှိတဲ့ဓာတ်တွေ မျှမျှတတပါဝင်တဲ့ စားသောက်မှုပုံစံရှိဖို့ လိုအပ်ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာပြောကြားချက်အရ ကလေးတွေရဲ့ တစ်နေ့တာ စားသောက်တဲ့ အစားအစာထဲမှာ ဖော်ပြထားတဲ့ ဓါတ်တွေ အများစုပါဝင်တဲ့ နို့ကိုပါထည့်ပြီး သောက်သုံးဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့်မို့ Vito ပဲနို့နဲ့ လက်တွဲလုပ်မယ့် ဒီအစီအစဉ်က လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံတိုးတက်ဖို့အထောက်အကူဖြစ်မဲ့ အစီအစဉ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Europe & Asia Beverages Co., Ltd. ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းထွန်းက “ ကျွန်တော်တို့ ဒီအစီအစဉ်ကိုလုပ်ဖို့ စိတ်ကူးကို ၂၀၁ရခုနှစ်ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ အာဟာရဓါတ်နဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့မိန့်ခွန်းကနေ ရခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံက ကလေးတွေရဲ့ဖွံ့ဖြိုးကြီးထွားမှုအတွက် အစိုးရအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ လူကြီးမိဘတွေမှာ တာဝန်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ UNICEF ကထုတ်ပြန်တဲ့စစ်တမ်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသုံးပုံတစ်ပုံက အာဟာရချို့တဲ့တယ်လို့ ဖော်ပြထားပါတယ်” လို့ ပြောပါတယ်။ ဒီစီမံချက်ရဲ့ ပဥ္စမမြောက်နှစ်မှာ ကျောင်းပေါင်း ၁,၀၀၀ မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပညာသင်ဆုတွေ ပေးဖို့ ရည်ရွယ်ထားပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top