တတိယအကြိမ်မြောက် Huawei Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံ၌ နောက်ဆုံးပေါ် ICT နည်းပညာများ သွားရောက်လေ့လာမည်

Image_4.jpg

မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက် နေသည့် Huawei ၏ နှစ်စဉ်အစီအစဉ်များအနက်မှ တစ်ခုဖြစ်သည့် Seeds for the Future အစီအစဉ်က မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးကို တရုတ်နိုင်ငံ၊ ရှန်းကျန်းမြို့ရှိ Huawei ရုံးချုပ်တွင် လေ့လာရေးခရီးစတင်ရန် တတိယအကြိမ်မြောက် ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခ များကော်မတီတို့နှင့် ပူးပေါင်းကာစတင်ခဲ့သည့် အဆိုပါအစီအစဉ်အတွက် အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ ရှိ Huawei Customer Innovation Center ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွေးချယ်ခံရသည့်ကျောင်းသား၊ ကျောင်းသူများသည် တရုတ်နိုင်ငံသို့ မေလ (၄) ရက်နေ့မှ (၁၇) ရက်နေ့ အထိ (၂) ပတ်အကြာ သွားရောက်ရမည်ဖြစ်ပြီး ပထမတစ်ပတ်တာကာလအတွင်း ပေကျင်းတွင် မတူညီသည့် ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြကာ ကျန်ရှိသည့်တစ်ပတ်တာကာလအတွင်း 5G ၊ LTE နှင့် cloud computing ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများကို ရှန်းကျန်းမြို့တွင်ရှိသော Huawei ရုံးချုပ်၌ လေ့လာရမည် ဖြစ်သည်။

Seeds for the Future သည် နိုင်ငံတွင်း ICT အလားအလာရှိသူများမွေးထုတ်ရေး၊ အသိ ပညာဗဟုသုတ ဖလှယ်မှုမြှင့်တင်ရေး၊ ICT နယ်ပယ်အပေါ် နိုင်ငံသားများ၏နားလည်မှုနှင့် စိတ်ပါဝင်စားမှုတိုးမြှင့်ရေး၊ သက်ဆိုင်ရာနယ်မြေအလိုက် ဒစ်ဂျစ်တယ်လူမှုပတ်ဝန်းကျင်တည်ဆောက်ရေးကို တွန်းအားပေးရေး နှင့် ပါဝင်ဆောင်ရွက်မှုမြင့်တက်လာစေရေးရည်မှန်းချက်များဖြင့် ဆောင်ရွက်နေသည့် Huawei ၏ နိုင်ငံတကာ ထိပ်တန်းလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် Huawei နှင့် ပါမောက္ခ များကော်မတီတို့ကြားတွင် (၃) နှစ်တာ ICT Talent Development Program အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ကြမည့်ကဏ္ဍ (၆) ခု အနက်မှ တစ်ခုဖြစ်သည့် အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်အထိ မြန်မာကျောင်းသား၊ ကျောင်းသူ (၃၀) ဦး အပါအဝင် ကမ္ဘာအနှံ့အပြားရှိ တက္ကသိုလ်ပေါင်း (၄၀၀) ကျော်မှ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူပေါင်း (၄,၅၀၀) ကျော် ပါဝင်ပြီးဖြစ်သည်။ အစီအစဉ်တွင် ပါဝင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Huawei ၏ အဆင့်မြင့်လက်တွေ့စမ်းသပ်ခန်းများမှ အဆန်းသစ်ဆုံးသော နောက်ဆုံးပေါ် solutions များကို လေ့လာနေစဉ်တွင် မြန်မာနှင့်ကွဲပြားသည့် ယဉ်ကျေးမှုများကိုလည်း သေချာစွာလေ့လာနိုင်မည်ဖြစ်သည်။

“Seeds for the Future အစီအစဉ်ရဲ့ကျောင်းသားဟောင်းတွေက ပြန်မျှဝေပေးတဲ့ အတွေ့အကြုံနဲ့ အသိပညာဗဟုသုတတွေကြောင့် ကျွန်မတို့ကိုယ်တိုင် ဒီအစီအစဉ်ကိုပါဝင်ပြီး ICT နည်းပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို မြှင့်တင်ချင်လာပါတယ်။ ဒီလိုတန်ဖိုးရှိပြီးရခဲတဲ့အခွင့်အရေးက ကျွန်မတို့ရဲ့ အနာဂတ် သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနဲ့ ပညာလေ့လာဆည်းပူးရေးမှာ အများကြီး အထောက်အကူဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီအစီအစဉ်က လေ့လာခဲ့ရတဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ဒစ်ဂျစ်တယ်မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ကျွန်မတို့အားလုံး ပိုပြီးထိထိရောက်ရောက် ပါဝင်ပေးနိုင်လာမှာပါ။” ဟု တတိယအကြိမ် Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်စား မဖူးပွင့်သဲခိုင် က ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်အတွက် ICT ကဏ္ဍတွင် အလားအလာရှိသူအမြောက်အများလိုအပ်နေခြင်းကြောင့် Huawei က နိုင်ငံ၏ ICT နယ်ပယ်ဖွံ့ဖြိုးရေးကိုမြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် Huawei က HAINA (Huawei Authorized Information and Network Academy) အစီအစဉ်၊ မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များမှ ထူးချွန်ကျောင်းသားကျောင်းသူ (၅၀) ဦးကို ၎င်း၏ ပညာရေးလမ်းကြောင်းဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်စေရန်အတွက် ပညာသင်ဆုများပေးအပ်နေသည့် Huawei ICT Development Talent Scholarship အစီအစဉ်၊ Seeds for the Future အစီအစဉ် နှင့် ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတွင် လုပ်ငန်းအတွေ့အကြုံများ ရယူနိုင်စေရန် Huawei Myanmar တွင် အလုပ်သင်အစီအစဉ်များဆောင်ရွက်ပေးကာ မြန်မာ ICT ကဏ္ဍအားအထောက်အပံ့ပေးနိုင်မည့် နည်းပညာအရင်းအမြစ်များ ပိုမိုများပြားလာစေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top