အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၅-၅-၂၀၁၉ မှ ၁၁-၅-၂၀၁၉ ရက်နေ့အထိ)

Bay-Din-5.5.2019-to-11.5.2019-may.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၅-၅-၂၀၁၉ မှ ၁၁-၅-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်ရောက်ပြီဖြစ်သည်။ လုပ်လက်စလုပ်ငန်းများ ရပ်တန့်နေသည့်အနေအထားမှ ပြန်လည်စတင်နိုင်သည်။ ရှယ်ယာကိစ္စတော့ သတိပြုပါ။ ကျောက်မျက်ရတနာရောင်းဝယ်သူများ ပြည်ပကြောင့် အခက်တွေ့မည်။ တောင်သူလယ်သမားများ၊ အခြားကုန်ပစ္စည်းလုပ်သူများကတော့ အဆင်ပြေနေမည်ဖြစ်သည်။အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းသမားများ အလွန်ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ဆီး၊ ကျောက်ကပ် ရောဂါရှင်များသတိထားရမည့်အချိန်ဖြစ်ပါသည်။ အချစ်ရေးကောင်းနေပြီး လက်ထပ်ရန်ရက်ရွေးရမည်။ အိမ်ထောင်ရှင်များကတော့ ယခုရက်ပိုင်း အခြေအနေကောင်းပါသည်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရပါက ကောင်းပါသည်။ အိမ်၊ ခြံ၊ မြေ ဝင်တတ်ထွက်တတ်ပါသည်။ အစိုးရဝန်ထမ်းများ အထက် အောက် မျှအောင်ဆောင်ရွက်ပါ။

အကျိုးပေးဂဏန်းမှာ – ၆၊ ၂၊ ၅။ ယတြာ – အုန်းသီးပါသောဖျော်ရည်အား ကလေးများကို တိုက်ကျွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ စီးပွားရေးလုပ်ငန်းများ ချင့်ချိန်လုပ်ကိုင်ရမည်အချိန်ဖြစ်သည်။ ငွေကြေးလုပ်ငန်းလုပ်သူများ သတိထားသင့်ပါသည်။ စုကြေးငွေ၊ အာမခံငွေနှင့် ဘဏ်ချေးငွေများအပေါ်တွင် ဝန်ထုတ်ဝန်ပိုးဖြစ်လာမည်။ စိတ်ညစ်ရမည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများ အခြေအနေကောင်းပါမည်။ ကျန်းမာရေးအနေနှင့် လေဖြတ်ထားသူများ သတိပြုပါ။ ညာဘက်ခြေထောက်တွင် ပြင်ပထိခိုက်ခြင်းလည်း ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် စိတ်တိုင်းကျသောချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ခရီးယာယီရှိသည်။ ပညာရေးသမားများ ရာထူးအတွက်ဆိုပါက အထူးကြိုးစားရမည်။ မြေ၊ အိမ် အဝင်ကောင်းပါသည်။ ဝန်ထမ်းများ မိမိကိုင်တွယ်ရသော စာရင်းများကြောင့်စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၀ ၊ ၃ ၊ ၆။ ယတြာ– တနင်္လာနေ့တွင် ငှက်များကို အစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးများ စီးပွားရေးလုပ်ငန်းမှာ ပြိုင်ဘက်များသည့်အချိန် ဖြစ်သည်။ မိမိလုပ်ကိုင်သောစီးပွားရေးတွင် အစုအစပ်လုပ်သူများနှင့် စကားပြောရမည့်အချိန်ဖြစ်သည်။ မနာလိုသူများမည်။ ယခုအချိန်တွင် ယာဉ်ကိုအကြောင်းပြုသော စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ ကား၊ စက်ပစ္စည်းများ ကံကောင်းနေသည်။ ဆောက်လုပ်ရေးသမားများ ငွေမရ အကြွေးကျနေမည်။ ကျန်းမာရေးအနေနှင့် ခါးနာသောဝေဒနာ အထူးသတိထားရလိမ့်မည်။ အချစ်ရေးတွင်ကံကောင်းပြီး အဖြေရရန် စောင့်ရလိမ့်မည်။ အိမ်ထောင်ရေးသမားများ ကောင်းပါသည်။ ပညာရေးသမားများ စိတ်ချမ်းသာရမည်။ ဝန်ထမ်းများသတိပြုရန်မှာ မိမိအလုပ်တွင် အရေးကြီးစာရွက်စာတမ်း ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၁ ၊ ၈။ ယတြာ – အင်္ဂါနေ့တွင် ရဟန်းတစ်ပါးကို တတ်နိုင်သလောက်လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ပစ္စည်းနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့နေလိမ့်မည်။ ခရီးသွားလုပ်ငန်းလုပ်သူများ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများ စီးပွားကောင်းပါလိမ့်မည်။ ငွေကြေးလုပ်ငန်းလုပ်သူများ ဤတစ်ပတ်အတွင်း ကံညံ့နေပြီး အလိမ်ခံရတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါ နှင့် ဒူးနာရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်ပြေမည်။ အိမ်ထောင်သည်များသံသယများနေတတ်သည်။ ပညာရေးတွင် နိုင်ငံခြားစာမေးပွဲအတွက် ကြိုးစားသူများ ဇွဲတင်းထားရမည်။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်းဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ စိတ်ချမ်းသာရမည်။ အချစ်ရေးတွင် ကြားလူကြောင့် သောကရောက်မည် သတိထားပါ။ စီးပွားရေးတွင် ယာဉ်၊ ကားရောင်း/ဝယ်ခြင်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၀ ၊ ၉။ ယတြာ – ယခုတစ်ပတ်အတွင်း ငှက်လွှတ်ဖြစ်အောင်လွှတ်ပါ။ ကံကောင်းလာပါမည်။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့အတွက် စီးပွားရေးအခြေအနေမှာ သိပ်ထူးမခြားနားဖြစ်နေတတ်သည်။ လူယုံသတ်သဖြင့် စီးပွားရေးလုပ်ငန်းတွင် အလွန်စိတ်ညစ်ရပြီး သောကများရသည့်အခြေအနေဖြစ်လိမ့်မည်။ စက်သုံးဆီရောင်းချသူများ အမြတ်ရမည့်ကာလဖြစ်ပြီး ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အေးနေမည်။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်ခြင်းမကြာခဏဖြစ်တတ်ပြီး ၊နှလုံးရောဂါရှင်များ သတိထားကုသပါ။ အချစ်ရေးနှင့်ပတ်သက်ပြီး လက်ထပ်ရန်ရက်ရွေးဖြစ်မည်၊ သို့သော် နှစ်ဘက်မိဘ ရန်ဖြစ်တတ်သည်။ အိမ်ထောင်သည်များလည်း ကံကောင်းပြီး သားသမီးရတနာရတတ်သည်။ ပညာရေးလိုက်စားနေသောသင်တန်းသားများ ကျန်းမာရေးသတိပြုပါ။ ရွှေနှင့် ရတနာပစ္စည်းများ ဝင်တတ်၊ ထွက်တတ်သည်။ ဝန်ထမ်းများ ကံအနည်းငယ်ညံ့နေမည်။

အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၂။ ယတြာ –နွမ်းပါးသူကို ကြာဇံကြော်လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် ယခင်ကထက် ကံကောင်းလာပြီဖြစ်သည်။ ရေလုပ်ငန်း၊ ဆီစက်လုပ်ငန်းများ၊ ကျောက်မျက်ရတနာတူးဖော်သည့်လုပ်ငန်းများ ကံကောင်းနေသည်။ သတ္တုတွင်းကုမ္ပဏီလုပ်ငန်းများတွင် အလုပ်သမားပြဿနာ ပေါ်တတ်သည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ ကျန်းမာရေးအနေနှင့် အမျိုးသမီးများသားအိမ်ရောဂါနှင့် အစာအိမ်ရောဂါရှိသူများ အထူးသတိထားရန်လိုအပ်သည်။ ဆေးမှားတတ်သဖြင့် ဂရုစိုက်ပါ။ အချစ်ရေးကတော့ ကြေကွဲနေရတတ်သည်။ အိမ်ထောင်ရေးသမားများ ကံကောင်းသော်လည်း အလုပ်ကြောင့် ခွဲနေရမည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ စက်ပစ္စည်းများဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ အထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆ ၊ ၁ ၊ ၉။ ယတြာ – သောကြာနေ့တွင် သောကြာနံဘုရားကို ထီးအဖြူ (၆) လက်လှူပါ။

စနေ

 

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများအား အထူးသတိပြုလုပ်ကိုင်ရန်ဖြစ်သည်။ စပ်တူလုပ်ငန်းဖြစ်ပါက အထူးသတိထားပါ။ ကျန်းမာရေးအနေဖြင့် ညာဘက်မျက်လုံး အထူးသတိထားပါ။ ပြင်ပမှ ပစ္စည်းတစ်ခုခုထိမှန်ပြီး ခွဲစိတ်ရတတ်သည်။ ဥပဒေနှင့်ဆိုင်သောကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် ကံညံ့နေပြီး မိမိချစ်သူကို မိမိသူငယ်ချင်းက ခိုးချစ်နေတတ်သည်။ အိမ်ထောင်သည်များ နှစ်ဘက်မိဘဆွေမျိုးများကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဖြစ်နေတတ်ပြီး အိမ်ထောင်ရေးကို ထိခိုက်လိမ့်မည်။ ဆင်ခြင်ပါ။ ရွှေ၊ ရတနာပစ္စည်း ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ အလွန်ကြိုးစား ရမည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများ ကောင်းပါသည်။ လက်နက်ကိုင်ဝန်ထမ်းများ မိမိတာဝန်ယူကိုင်တွယ်ရသော လက်နက်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းဖြစ်တတ်သည်။ အထူးသတိထားရန်လိုပါသည်။

အကျိုးပေးဂဏန်း – ၀ ၊ ၇ ၊၂။ ယတြာ – စနေနေ့တွင် စနေနံဘုရားအား ထီးအနီရောင်တစ်လက် လှူပေးပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top