လတ်တလောအရမ်းလူကြိုက်များနေတဲ့ နတ်သားလေးရဲ့ အချစ်မစ်ရှင်ဇာတ်လမ်းတွဲသစ်

Angels-Last-Mission-Love-2.jpg

အခုလိုမိုးရာသီမှာ ကိုးရီးယားအချစ်ဇာတ်ကားကောင်းလေးတွေကြည့်ပြီး ဇိမ်ကျလို့အကောင်းဆုံးအချိန်ဆိုတာ ရုပ်ရှင်ချစ်သူတွေအားလုံးသိကြမှာပါ။ ဒါကြောင့် မကြာသေးခင်ကမှ ထွက်ရှိခဲ့ပြီး ကိုးရီးယားမှာရော မြန်မာနိုင်ငံမှာပါ အရမ်းလူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲအသစ်စက်စက်လေး Angel’s Last Mission: Love ကို မကြည့်ရသေးတဲ့သူတွေအတွက် ညွှန်းပေးချင်ပါတယ်။

ဇာတ်လမ်းလေးကတော့ နတ်သားလေးနဲ့ ဘဲလေးကချေသည်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ပုံဖော်ပေးထားတာပါ။ နတ်သားလေးဒန်က သူလုပ်မိလိုက်တဲ့ အပြစ်တစ်ခုကြောင့် သူ့ကို အထက်ကတာဝန်တစ်ခုချပေးလိုက်ပြီး အဲဒီတာဝန်ကို ကျေပြွန်မှသာ ကောင်းကင်ဘုံကို ပြန်သွားနိုင်မှာပါ။ အဲဒါကဘာလဲဆိုတော့ အရမ်းကိုခက်ထန်မာကြောပြီး မာနကြီးတဲ့ ဘဲလေးကချေသည်မလေးကို ရက် (၁၀၀) အတွင်း အချစ်စစ်တွေ့အောင် ရှာပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပဲ ချစ်မိသွားပါတော့တယ်။

ဇာတ်လမ်းလေးက ထူးခြားတဲ့အပြင် ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်မင်းသားမင်းသမီးတွေကို သုံးထားလို့ လုံးဝကို မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။

ယွန်ဆိုးအဖြစ်ပါဝင်ထားတဲ့ Shin Hye Sun ကတော့ သူရဲ့ အရင်ထွက်ရှိထားတဲ့ Oh My Ghost, Legend of the Blue Sea, My Golden Life, Still 17 အစရှိတဲ့ကားတွေမှာကတည်းက လူကြိုက်အရမ်းများခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ သူက ဒီဇာတ်လမ်းထဲမှာတော့ တစ်ကိုယ်ကောင်းဆန်၊ မာနကြီးပြီး ရက်စက်တဲ့မိန်းကလေးတစ်ယောက်အဖြစ် မာန်ပါပါနဲ့ အပိုအလိုမရှိ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်ပြီး Infinite အဖွဲ့ထဲက L (Kim Myung Soo) က ဒီထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ အမြဲ ပြဿနာရှာနေတတ်တဲ့ နတ်သားလေး။ ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့အမူအရာ သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်ထားနိုင်လို့ L ရဲ့ ပရိတ်သတ်တွေ ပိုတိုးလာစေတဲ့ ဇာတ်ကားတစ်ခုလို့လည်း ပြောလို့ရပါတယ်။

ဒန်နဲ့ ယွန်ဆိုးတို့ရဲ့ ဘဝအခြေအနေတွေက မတူညီလို့ နှစ်ယောက်အတူရှိရမယ့်အချိန်တွေက အရမ်း တိုတောင်းလွန်းပါတယ်။ ဒါတွေကို သိလျက်နဲ့ အတူနေနိုင်ဖို့ မျှော်လင့်ကြိုးစားနေကြတဲ့ သူတို့နှစ်ယောက်ရဲ့အဖြစ်က ကြည့်ရှုရတဲ့ ပရိတ်သတ်တွေကို ကြေကွဲဝမ်းနည်းစေပါတယ်။

L က ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထားရုံတင်မကဘဲ ဇာတ်ဝင်သီချင်းတစ်ပုဒ်ကိုလည်း ကိုယ်တိုင်ဆိုထားပါသေးတယ်။ အဲဒါကတော့ The Nights I Miss You ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းအပြင် တခြားပါဝင်တဲ့ သီချင်းတွေအကုန်လုံးကလည်း နားထောင်လို့ကောင်းပြီး ဇာတ်လမ်းဇာတ်ကွက်နဲ့ အရမ်းလိုက်ဖက်လို့ ဇာတ်လမ်းကို ပိုပြီးအသက်ဝင်စေပါတယ်။

အဆုံးသတ်မှာ နတ်သားလေးနဲ့ ဘဲလေးကချေသည်မလေးတို့ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြမလား။ (ဒါမှမဟုတ်) နတ်သားလေးက ကောင်မလေးကို ထားခဲ့ပြီး ကောင်းကင်ဘုံ ပြန်သွားမလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းတွေကို မကြည့်ရသေးတဲ့သူတွေ ကြည့်ချင်ရင်တော့ Viu မှာ သွားကြည့်လို့ရပါတယ်နော်…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top