မြန်မာနိုင်ငံပိုင်ဂြိုလ်တုထရန်စပွန်ဒါတွေပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်ပြီးစီး

5MzdhCX8HENCxrU6sxLY4Q.jpg

မြန်မာနိုင်ငံပိုင်ဂြိုလ်တုထရန်စပွန်ဒါတွေပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုဟ်တုကိုတော့ အမေရိကစံတော်ချိန် (၄) နာရီ (၁၇) မိနစ် (မြန်မာစံတော်ချိန် မနက် ၂ နာရီ) အချိန်မှာ တောင်အမေရိကတိုက်၊ မြောက်အတ္တလန်တစ် သမုဒ္ဒရာကမ်းခြေ French Guiana က အာရိယန် ဒုံးပျံပစ်လွှတ်ရေးအခြေစိုက်စခန်း (Ariane Space Launch Base) ကနေ အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ပါပြီ။ လွှတ်တင်ပြီး (၃၅) မိနစ်လောက်အကြာမှာပဲ ဂြိုဟ်တုဟာ ပတ်လမ်းပေါ်ကိုရောက်ရှိခဲ့ပါတယ်။

ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စတဲ့ကဏ္ဍတွေမှာ ဂြိုဟ်တုအသုံးချစနစ်ကိုဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလိုလွှတ်တင်နိုင်ခဲ့တာကြောင့် ဆက်သွယ်ရေးကဏ္ဍမှာ အရင်ကထက် ရှစ်ဆကိုးဆလောက် ပိုမိုမြန်ဆန်လာသလို ဝေးလံခေါင်ဖျားဒေသတွေက ဖိုက်ဘာဆက်ကြောင်း မရှိတဲ့နေရာတွေဆီ ရုပ်သံလိုင်းတွေထုတ်လွှင့်ပေးနိုင်လာမယ့်အပြင် နိုင်ငံတကာကိုလည်း ထုတ်လွှင့်ဖြန့်ချိ နိုင်တော့မှာဖြစ်ပါတယ်။

ဒီဂြိုဟ်တုကြောင့် မြေပြင်ရေပြင်မရွေး ပိုကောင်းမွန်တဲ့ဆက်သွယ်ရေးအခွင့်အလမ်းတွေရရှိလာမှာဖြစ်ပြီး ကိုယ်ပိုင်အစိတ်အပိုင်း အနေနဲ့လွှတ်တင်နိုင်တဲ့အတွက် အရင်က ဥရောပ၊ အာဖရိကနဲ့ အာရှက ငှားရမ်းအသုံးပြုနေခဲ့သလို ကုန်ကျစရိတ် ဒေါ်လာသန်းပေါင်းများစွာလည်းမရှိနိုင်တော့တာကြောင့် ပိုအဆင်ပြေလာမှာဖြစ်တယ်လို့ သတင်းအချက် အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

ဂြိုဟ်တုအသုံးပြုခွင့်သဘောတူညီမှုစာချုပ်ကို သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနဲ့ Intelsat ကုမ္ပဏီတို့က ၂၀၁၈ ခုနှစ် ဇွန် (၁) ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး စုစုပေါင်း ကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Intelsat 39 ကြောင့် C-band လိုင်းအင်အားပေါင်း 432 MHz၊ Kuband လိုင်းအင်အား ပေါင်း 432 MHz စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်မှာပါ။ ဂြိုဟ်တုကိုအသုံးပြုနိုင်မယ့်သက်တမ်းက (၁၅) နှစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁) ရက်ကစပြီး အသုံးပြုခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

Ref: The Mirror Daily, Intelsat
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top