အငြိုးအတေးတွေကြောင့် စိတ်ကို မပူလောင်ပါစေနဲ့

sand01.jpg

တစ်နေ့မှာ ဂျွန်နဲ့ အဲလက်စ် အမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကို ဖြတ်သန်းပြီး ခရီးထွက်လာကြပါတယ်။ တစ်နေရာအရောက်တော့ အကြောင်းအရာတစ်ခုနဲ့ပတ်သတ်ပြီး ငြင်းခုံကြရာမှာ ဂျွန်က ဒေါသမထိန်းနိင်ဘဲ အဲလက်စ်ရဲ့ မျက်နှာကို လက်သီးနဲ့ထိုးလိုက်မိပါတယ်။

အထိုးခံလိုက်ရတဲ့ အဲလက်စ်က တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမရှိဘဲ “ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ဒေါသထွက်ပြီး ငါ့မျက်နှာကိုထိုးခဲ့တယ်” ဆိုတာကို သဲပေါ်မှာရေးသားလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ခရီးဆက်လာကြရင်း ရေကန်တစ်ခုတွေ့တဲ့အခါ ရေချိုးအနားယူဖို့အတွက် နှစ်ဦးသား သဘောတူ ဆုံးဖြတ်ကြပါတယ်။ ရေကန်အနီးမှာ ရုတ်တရက် အဲလက်စ် ခြေချော်ပြီး ရွှံနွံထဲကို ကျအံဆဲဆဲမှာ ဂျွန်က လှမ်းဆွဲလိုက်တာကြောင့် အဲလက်စ်ဟာ ရွှံနွံထဲကျမယ့် အန္တရာယ်ကနေပြီး ကင်းလွတ်သွားပါတယ်။ နောက်တော့ အဲလက်စ်က ကျောက်တုံးပေါ်မှာ “ဒီနေ့ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကိုကယ်တင်ခဲ့တယ်” ဆိုတဲ့စာကြောင်းကို ရေးသားလိုက်ပါတယ်။

အဲလက်စ်ရဲ့ အပြုအမူတွေကို နားမလည်တာကြောင့် ဂျွန်က “အဲလက်စ်… ငါမင်းကိုနာကျင်စေတုန်းက မင်းက သဲပေါ်မှာ အဲ့ဒီအကြောင်းကို ရေးတယ်။ အခု ငါမင်းကိုကယ်တဲ့အခါမှာလည်း မင်းက ကျောက်တုံးပေါ်မှာ ရေးပြန်တယ်။ ဘာလို့ အခုလို မျိုးရေးတာလဲ”လို့ မေးလိုက်ပါတယ်။ ဒီအခါ အဲလက်စ်က ” တစ်စုံတစ်ယောက်က နာကျင်စေတဲ့အခါ သဲပေါ်မှာပဲ ရေးသားလိုက်တဲ့အတွက် ခွင့်လွှတ်ခြင်းနဲ့တူတဲ့ လေပြေလေညင်းလေးတိုက်ရင်တောင်မှ နာကျင်မှုတွေကို ပျောက်သွားစေနိင်တယ်။ တစ်စုံတစ်ယောက်က ကောင်းကျိုးတစ်စုံတစ်ရာပေးတဲ့အခါမျိုးမှာတော့ လွယ်လွယ်နဲ့မပျောက်မပျက်ဘဲ အမြဲတမ်း သတိတရရှိနေစေဖို့ ရည်ရွယ်ပြီး အခုလို ကျောက်တုံးပေါ်မှာရေးလိုက်တာပါ” လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်လေးကနေ ပေးချင်တဲ့ အသိကတော့ တစ်စုံတစ်ယောက်ကြောင့် သင်ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ အခဲမကျေမှုတွေကို အငြိုးအတေးမထားဘဲ မေ့တတ်စေဖို့နဲ့ သင့်အတွက်ကောင်းကျိုးတစ်စုံတစ်ရာပြုထားဖူးသူ၊ ကျေးဇူးရှိသူတွေကို အမြဲတမ်းအမှတ်တရရှိနေသင့်ကြောင်းကို ဖော်ပြထားတာပါ။ နာကျင်မှုတွေကို အငြိူးတေးမထား မေ့ပျောက်လိုက်ခြင်းက သင့်ကိုစိတ်အေးချမ်းသာမှုကို ရရှိစေနိုင်ပြီး ကျေးဇူးသိတတ်ခြင်းဆိုတာကလည်း မွန်မြတ်တဲ့ မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာ သင်ခန်းစာပေးလိုရင်းလည်း ဖြစ်ပါတယ်။

Ref: “Sand and Stone”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top