တနေ့သောအခါ ဟိမဝန္တာတောကြီးတွင် ဆင်မင်းနှင့်တကွ ဆင်အပေါင်းတို့သည် အစာရှာထွက်ကြရင်း နှံစုတ်ငှက်မလေး၏ အသိုက်အနီးသို့ ရောက်လာကြသည်။
နှံစုတ်ငှက်၏ အသိုက်ထဲတွင် အမွေးအတောင်မစုံသေးသော ငှက်သားပေါက်လေးများ ရှိသည်။ ငှက်သိုက်သည် ဆင်သွားလမ်းနှင့် မလွတ်သဖြင့် နှံစုတ်ငှက်မလေးသည် ခေါင်းဆောင်ဆင်ကြီးအား အတောင်နှစ်ဖက်ကို ယှက်ကာရှိခိုးလျက် ငှက်သားငယ်တို့၏ အသက်ကို ချမ်းသာပေးပါရန် တောင်းပန်လေသည်။ ဆင်မင်းလည်း သနားသဖြင့် ငှက်သိုက်အား ခြေလေးချောင်း၏ အလယ်တွင်ထားကာ ခန္ဓာကိုယ်ဖြင့် ကာထားပေးလေသည်။ ဆင်အပေါင်းတို့လည်း ဆင်မင်းအနားမှ ရှောင်ကွင်းသွားကြသဖြင့် ငှက်သားငယ်တို့သည် အသက်ချမ်းသာရာရကြသည်။ ဆင်မင်းသည် ထိုနေရာမှ မထွက်ခွာမီ နှံစုတ်ငှက်မလေးအား ငါတို့ဆင်အုပ်၏ မလှမ်းမကမ်း အနောက်ဘက်တွင် ဆင်ဆိုးတစ်ကောင်ရှိကြောင်း၊ ထိုဆင်သည် ငါနှင့်တကွ ဆင်အပေါင်း၏စကားကို မနာခံကြောင်း၊ ထိုဆင်ဆိုးအား ငှက်သားပေါက်လေးတို့၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်ချေအုံးဟု မှာကြားပြီး ထွက်ခွာသွားကြသည်။
ဆင်အုပ်ထွက်သွားပြီး အတန်အသင့်ကြာသော် ဆင်သင်းကွဲသည် ဆင်အုပ် အနောက်မှ လိုက်လာသည်။ နှံစုတ်ငှက်မလေးလည်း ဆင်မင်းမှာကြားချက်အတိုင်း အတောင်နှစ်ဖက်ကို ယှက်ကာ ရှိခိုးတောင်းပန်ပြန်သည်။ ဆင်ရိုင်းသည် နှံစုတ်ငှက်မလေးက တောင်းပန်သော်လည်း ငှက်သားပေါက်လေးများကို ခြေဖြင့်နင်းကာ ကျင်ငယ်စွန့်ချပြီး ငှက်သားပေါက်သေများကို ကျင်ငယ်ရေဖြင့် မျောစေသည်။ ပြီးနောက် မိမိ၏ ရက်စက်ယုတ်မာမှုကို အားရသဖြင့် နှာမောင်းကို မြှောက်ကာမြှောက်ကာ အော်မြည်လေသည်။
မိမိသားငယ်များ မရှုမလှ သေဆုံးရသည်ကို သစ်ကိုင်းထက်မှ အစအဆုံးမြင်နေရသော နှံစုတ်ငှက်မသည် ရင်ထုမနာဖြစ်လျက် အမျက်ကြီးစွာထွက်လေသည်။ ဆင်ယုတ်မာသည် မိမိတောင်းပန်ပါလျက် ရန်ငြိုးရန်စမရှိပါဘဲ ငါ၏သားငယ်များကို ခွန်အား အားကိုးပြီး အကြောင်းမဲ့ သတ်ဖြတ်သည်။ ငါ့တွင် ခွန်အားမရှိသော်လည်း ဥာဏအားဖြင့် သားငယ်တို့အတွက် သုံးရက်အတွင်း ကလဲ့စားပြန်ချေမည်ဟု ကြုံးဝါးလေသည်။
နှံစုတ်ငှက်မသည် ရှေးဦးစွာ ကျီး၊ ယင်မမဲရိုင်းနှင့် ဖားတို့ကို နှစ်ရက်အတွင်း မိတ်ဆွေဖွဲ့လေသည်။ မိမိသားငယ်တို့၏ အဖြစ်ဆိုးကို ပြောပြပြီး အကူအညီတောင်းရာ မိတ်ဆွေများက ကူညီမည်ဖြစ်ကြောင်း ကတိပေးသည်။ နှံသားပေါက်တို့ သေဆုံးပြီး သုံးရက်မြောက်နေ့တွင် ကျီးကန်းသည် နှံစုတ်ငှက်မလေး၏ အစီအစဉ်အတိုင်း ဆင်ဆိုး၏ မျက်လုံးကို နှုတ်သီးဖြင့် အရင်ဖောက်သည်။ သွေးထွက်သောအခါ ယင်မမဲရိုင်းသည် အနာတွင် ပိုးလောက်တို့ကို တွယ်စေသည်။ ဆင်ရိုင်းသည် ပိုးလောက်တို့ကိုက်သဖြင့် မျက်စိကနာ၊ ဗိုက်ကဆာ၊ ရေကငတ် စသဖြင့် ဆင်းရဲကြီးစွာခံရသည်။ ထိုအချိန်ရောက်မှ ဖားသည် တောင်ထိပ်သို့ တက်ကာ အုံအုံအွမ်အွမ် အသံပြုသည်။ မျက်မမြင်ဆင်ရိုင်းသည် ရေဆာလှသဖြင့် ဖားအော်သံနောက်သို့ တဖြည်းဖြည်းလိုက်၏။ ဆင်ရိုင်းတောင်ထိပ်ရောက်မှ ဖားသည် တောင်ကမ်းပါးပြတ်သို့ဆင်းကာ အသံပေးသည်။ ဆင်ကြီးသည် ဖားအော်သံအတိုင်းဆက်လိုက်ရာ ချောက်ထဲသို့ကျကာ သေဆုံးပျက်စီးရလေသည်။ နောက်ဆုံးတွင် အင်မတန် သေးငယ်လှသော နှံစုတ်ငှက်မလေးသည် မိမိထက် ခန္ဓာကိုယ်များစွာကြီးမားသော ဆင်ဆိုးအား မိတ်ဆွေတို့၏ အကူအညီဖြင့် အောင်နိုင်ခဲ့သည်။
ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ လဋုကိကဇာတ်တော်တွင် မိမိအခွင့်သာချိန်တွင် တပါးသူအပေါ် နိုင်ထက်ဆင်းနင်း မပြုသင့်ကြောင်း၊ မိတ်ဆွေကောင်းတို့၏ အင်းအားကြီးမားပုံ၊ ညီညွတ်ခြင်း၏ အရေးပါပုံ၊ ဥာဏ်ပညာဖြင့် မိမိအလိုရှိရာကို အောင်မြင်ပြီးမြောက်နိုင်ကြောင်း၊ ရန်ငြိုးရန်စရှိသူသည် အချိန်မရွေး အသက်သေသည်အထိ ပျက်စီးသွားနိုင်ကြောင်း စသည့် သင်ခန်းစာများ ပါဝင်လေသည်။
ချမ်းမြေ့ (ရိုးရာလေး)