သူများထက် သာချင်ရင် သူများလို မတွေးနဲ့

chapman1-1021x480.jpg

၁၉၂၅ ခုနှစ်မှာ ဟားဘတ်ချပ်မန်း (Herbert Chapman) ဆိုသူဟာ အာဆင်နယ်အသင်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မတိုင်ခင်ထိ အာဆင်နယ်ဟာ ဘာဆုဖလားမှ မရဖူးခဲ့ပါဘူး။
ချပ်မန်းကတော့ ဒီကလပ်အသင်းအတွက် မျှော်မှန်းချက်တစ်ခုကို ထားခဲ့တယ်။ နောက်ငါးနှစ်လောက် နေရင် ဒီမျှော်မှန်းချက် အောင်မြင်လာမယ်လို့ သူက ဆိုတယ်။

တကယ်လည်း နောက် ငါးနှစ် အကြာမှာ စ အောင်မြင်ပါတယ်။ ၁၉၃၀-၃၁ လိဂ် မှာ ဆုဖလား စ ရတယ်။ အဲဒီနောက်မှာတော့ ၁၉၃၂-၃၃၊ ၁၉၃၃-၃၄၊ ၁၉၃၄-၃၅ မှာ  သုံးနှစ်ဆက်တိုက် ဆုဖလားရတဲ့ ပထမဦးဆုံးအသင်း ဖြစ်လာတယ်။ အဲဒီနောက် ၁၉၃၇-၃၈ မှာ ဆက် အနိုင်ရပြန်ပါတယ်။ ဒီနည်းနဲ့ အာဆင်နယ်ဟာ အသင်းကြီးတွေထဲက တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

ဟားဘတ်ချပ်မန်းလုပ်ခဲ့တာက creativity လို့ ခေါ်တဲ့ တီထွင်ဆန်းသစ်မှုပါပဲ။ သူက တခြားသူတွေ ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ သမားရိုးကျ တွေးနည်းအတိုင်းတွေးတာ မဟုတ်ပါဘူး။ တခြားသူတွေ ဘယ်လိုလုပ်နေသလဲဆိုတာ လိုက်ကြည့်ပြီး လုံးဝ ဆန့်ကျင်ဘက်ကို ပြောင်းလဲလိုက်တာပါ။

အဲဒီနှစ်တွေတုန်းက ဘောလုံးမှာ အရေးကြီးတာက ဘောလုံးကန်နိုင်စွမ်းပါပဲ၊ ဗျူဟာတွေကို အဲဒီလောက် အသားမပေးကြသေးပါဘူး။ တစ်ဖက်အသင်းရဲ့ ဘက်ခြမ်းမှာ ကိုယ့် ဘောလုံးအသင်းသားတွေ များများ ရှိနေလေလေ၊ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးပိုများလေ ဆိုပြီးပဲ တွေးကြတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက အကောင်းဆုံးအသင်းတွေက တစ်ဖက်ဂိုးဘက်မှာ ကိုယ့်လူတွေ များများထားကန်ပြီး ဖိကစားကြတာ များပါတယ်။

ဒါပေမဲ့ ဟားဘတ်ချပ်မန်းကတော့ ဒါ အခွင့်အရေးပဲလို့ မြင်ပါတယ်။ တခြားဘက်အသင်းက လူတွေ ကိုယ့်ဘက်မှာ များများရှိနေတယ်ဆိုတာ သူတို့ နောက်တန်း အင်အားနည်းနေတယ်ဆိုတဲ့ သဘောပဲလို့ သူတွေးမိတယ်။ အဲဒီ အားနည်းနေတဲ့ သူတို့ နောက်တန်းဘက်ကို ဖောက်ကစားနိုင်ရင် ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ပိုများတယ်လေ။ “တန်ပြန်တိုက်စစ်ဆင်မှု” (counter-attack) ဟာ သူတို့ ပထမဦးဆုံးသုံးတဲ့ ဗျူဟာ ဖြစ်လာခဲ့ပါတယ်။

ဒီ ဗျူဟာကို စ သုံးချိန်တုန်းက ဆိုရင် “ပျင်းစရာ ကောင်းအောင် ကစားနေတဲ့ အာဆင်နယ်“၊ “ကံကောင်းပြီး ဖောက်ထွက်ဂိုးသွင်းနိုင်သွားတဲ့ အာဆင်နယ်” ဆိုပြီး ခဏခဏ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၃၁ ပွဲစဉ်တွေ မှာတော့ ၁၂၇ ဂိုးအထိ သွင်းပြီး ဒါဟာ မတော်တဆ ကံကောင်းမှုသက်သက် မဟုတ်ဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်။

“Dave Trott” ၏ “ Don’t Play the Game” ကို အကျဉ်းချုံး ပြန်ဆိုပါသည်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top