စောင့်ကြည့်နေရဦးမယ့် ပိုကီမွန်ဂိမ်း

14034801_1150990508277533_289924951984241065_n.jpg

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က ပိုကီမွန်ဂိုး (Pokemon Go) လို့ ခေါ်တဲ့ ဂိမ်းကို မြန်မာနိုင်ငံမှာ တရားဝင်ကစားခွင့်ရခဲ့တဲ့ အချိန်က စပြီး လူငယ်လူလတ်အများစုဟာ ဒီ ဂိမ်းကို ခုံခုံမင်မင် ကစားလာကြတာကိုတွေ့ရပါတယ်။

ပိုကီမွန် ဂိမ်းကို လူစိတ်ဝင်စားတာ များစေတဲ့အချက်ကတော့ ဖုန်းပေါ်မှာ  ကစားရုံသက်သက် မဟုတ်ဘဲနဲ့ ဖုန်း GPS မှာ ပါတဲ့ မြေပုံကနေတဆင့် မိမိအနားတစ်ဝိုက်ပတ်ဝန်းကျင်မှာ ရှိတဲ့  ပိုကီမွန်ကောင်လေးတွေကို လိုက်လံရှာဖွေရတာပါပဲ။ အခုဆိုရင် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေရဲ့ အထင်ကရနေရာတွေမှာ ဖုန်းကိုယ်စီနဲ့ ပိုကီမွန်ဂိမ်း ဆော့နေကြသူတွေကို တွေ့ရမှာပါ။ ဒီ ဂိမ်းနဲ့ ပတ်သက်ပြီး လူမှုအသိုင်းအဝိုင်းက ဘယ်လို တုံ့ပြန်မှတ်ချက်ပြုနေသလဲဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ အခုလို တွေ့ရပါတယ်။

ပိုကီမွန်ဂိမ်းဆော့တာ မကောင်းဘူးဆိုတဲ့ အမြင်

ဒီဂိမ်းဆော့တာ မကောင်းဘူးဆိုတဲ့ အမြင်ပိုင်ရှင်တွေရဲ့ အဆိုအရတော့ ဖုန်းကို သုံးရင်း လမ်းသွားနေရတဲ့အတွက် မတော်တဆ ထိခိုက်မှုတွေ ရှိနိုင်တယ်။ အကောင်ဖမ်းရင်း လမ်းလျှောက်တဲ့ အခါ အခြားလမ်းသွားလမ်းလာတွေကို တွန်းတိုက်မိတာတွေ၊ လမ်းပိတ်နေတာတွေ ဖြစ်နိုင်တယ်။ ပိုကီမွန်ကောင်လေးတွေ စုနေတတ်တဲ့ တချို့နေရာတွေဟာဆိုရင် ဘာသာရေး အဆောက်အအုံတွေ ဖြစ်နေတဲ့အခါ ဝတ်ပြုနေသူတွေကို မတော်တဆ အနှောင့်အယှက်ပြုသလို ဖြစ်နိုင်တယ်။ ပြီးတော့ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ဒီဂိမ်းကို စွဲစွဲမြဲမြဲ ကစားလွန်းရင် ကိုယ့်ရဲ့ အလုပ်တာဝန်တွေ၊ လူမှုရေးတာဝန်တွေကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။

ပိုကီမွန် ဂိမ်းဆော့တာ ကောင်းတယ်ဆိုတဲ့ အမြင်

တခြားတစ်ဖက်ကလည်း ဒီဂိမ်းဆော့တာဟာ အဆိုးချည်းသက်သက် မဟုတ်ဘဲ ကောင်းတဲ့ အချက်တွေလည်း အများအပြားရှိတယ်လို့ တုံ့ပြန်ပြောဆိုသူတွေ ရှိကြပါတယ်။ ဂိမ်းဆော့တဲ့ အခါမှာ ဖုန်းကို အိတ်ကပ်ထဲ ထည့်သွားနိုင်ပြီး ပတ်ဝန်းကျင်မှာ ပိုကီမွန်ကောင်လေးတွေရှိနေရင် ဖုန်းက တုန်ခါခြင်းလုပ်ပြီး အချက်ပြတဲ့အတွက် ဖုန်း မျက်နှာပြင်ကို တောက်လျှောက်ကြည့်နေစရာ မလိုပါဘူး။ အဲဒီတော့ သွားလာတဲ့အခါမှာ အန္တရာယ်မများပါဘူးလို့ ဂိမ်းကို နှစ်သက်သူတွေက ဆိုပါတယ်။ တစ်ဖက်ကလည်း လမ်းလျှောက်သွားလာရတဲ့အတွက် ကျန်းမာရေး ကောင်းရုံသာမက ကိုယ့်အနီးအနားကို လှည့်လည်သွားရတဲ့အတွက် ဒေသပတ်ဝန်းကျင်ကို ပိုမိုရင်းနှီးကျွမ်းဝင်လာစေတယ်လို့ သိရပါတယ်။ ပြီးတော့ ဝါသနာတူ ကစားဖော်အချင်းချင်း ခင်မင်သိကျွမ်းလာရတဲ့ အခါ မိတ်ဆွေ အပေါင်းအသင်းတွေလည်း တိုးပွားလာရပါတယ်လို့ ဆိုပါတယ်။

ပိုကီမွန် ဘာလဲ၊ ဘယ်လဲ

တချို့လူတွေ အမြင်အရတော့ ဒါဟာ ခဏတာ ရေပန်းစားမှုသာ ဖြစ်ပြီး နောင်ကြာလာရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမယ်လို့ ဆိုပါတယ်။  ဒါပေမယ့် လတ်တလောမှာတော့ ဒီဂိမ်းကို အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ အခြား နည်းပညာ ပစ္စည်းတွေပါ ပေါ်ထွက်လာတာကို တွေ့ရတော့ ခဏတာ ရေပန်းစားမှု ဟုတ်မဟုတ်ဆိုတာ သံသယဝင်စရာ ကောင်းလာပါတယ်။ ဂိမ်းမှာ ကစားတဲ့ Poke Coins တွေ ရောင်းဝယ်နေကြတာကို တွေ့နေရသလို လုပ်ငန်းကြော်ငြာတွေမှာ ပိုကီမွန်ကောင်လေးတွေပုံနဲ့ တွဲကြော်ငြာတာကို မြင်လာရပါတယ်။ တချို့ဆိုင်တွေကဆိုရင် ပိုကီမွန်ဂိမ်း Level မြင့်သူတွေအတွက် ကုန်ပစ္စည်းဝယ်ယူတဲ့အခါ အထူးလျှော့ဈေးတွေ ပေးလာတာကို တွေ့ရမှာပါ။  ဒါတွေကို ကြည့်ရင်ဖြင့် ပိုကီမွန် ဂယက်ဟာ တော်တော်နဲ့တော့ အရှိန်သတ်သွားမှာ မဟုတ်သေးဘူးလို့ ခန့်မှန်းရပါတယ်။ ဒီ ပိုကီမွန်ဂိမ်းကနေ မြန်မာနိုင်ငံနေ လူထုအပေါ် ဘယ်လို ထပ်ပြီး အကျိုးသက်ရောက်စေဦးမယ်ဆိုတာတော့ ဆက်လက်စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။

(ဒီဇိုင်း – တည်ငြိမ်)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top