၂၀၂၀ နှစ်သစ် အတွက် ပိုကောင်းတဲ့ ကိုယ်ပိုင်ငွေကြေး စီမံခန့်ခွဲမှုမျိုး ဘယ်လိုလုပ်မလဲ

yyl-002-11.jpg

နှုတ်ဆက်ပါတယ် ၂၀၁၉ ခုနှစ် ကြီးရေ… အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကြိုဆိုပါတယ် ၂၀၂၀ ခုနှစ် ရေ။ နှစ်သစ်ရဲ့ ပထမဆုံးလသည် ထိုနှစ်အတွက် ကျန်ရှိသော အချိန်များအတွက် သေချာအစီအစဥ်ချ စည်းကမ်းများရေးဆွဲရန် အသင့်တော်ဆုံး ကာလပဲဖြစ်သည်။ တစ်နှစ်တာ တစ်ကာလလုံးအတွက် ဘယ်လို ဘယ်ပုံ ပိုမိုချွေတာနိုင်သည့် ငွေကြေးသုံးစွဲမှု ပုံစံ၊ စည်းကမ်းတကျ ရင်းနှီးမြုပ်နှံမှု ပုံစံ များဖြင့် မိမိ၏ ကိုယ်ပိုင်ငွေကြေးကို အကျိုးရှိစွာ အသုံးပြုတတ်ရန်၊ ထိရောက်လုံလောက်စွာ စုဆောင်းတတ်ရန် နည်းလမ်းများကို သေချာ ခေါင်းအေးအေး စိတ်အေးအေးဖြင့် အချိန်ယူ စဥ်းစား စီစဥ်သင့်သော ကာလဖြစ်သည်။ လူတိုင်းတွင် ငွေကြေးအခြေအနေ ကွဲပြားသည့်အလျှောက် ကွဲပြားသောငွေကြေး စီမံမှုပုံစံများ ရှိတတ်သည်။ သို့ဖြစ်စေကာမူ လူတိုင်း လိုက်နာကျင့်သုံးနိုင်သည့် ပိုမိုအားကောင်းစေသော ငွေကြေးစီမံခြင်း နည်းလမ်းများအား ရေးသားတင်ဆက်ပေးလိုက်ပါသည်။

ငွေကြေးသုံးသပ်မှုလုပ်ပါ

ငွေကြေး စီမံခန့်ခွဲမှု မပြုလုပ်ခင် သင်၏ ဝင်ငွေကို သုံးသပ်ပါ။ သုံးသပ်ရာတွင် ဝင်ငွေ ထွက်ငွေ စုဆောင်းမိငွေ ရင်းနှီးမြုပ်နှံခဲ့သည့်ငွေ ဟူ၍ တစ်နှစ်စာ ပြန်လည်သုံးသပ်ပါ။ ထိုသို့ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ သင့်ရဲ့ အလုပ်များလွန်းလှသော နေ့များထဲမှ အချိန်သက်သက်ပေး၍ အောက်ပါမေးခွန်းများ သင့်ကိုယ်သင်ပြန်မေးကြည့်ပါ။

  • ၂၀၁၉ ခုနှစ်အတွင်း သင်ပေးရန်အကြွေးရှိခဲ့လား။ အကြွေးပိုများလာခဲ့လား။ အကြွေးနည်းသွားခဲ့လား။ လုံးဝအကြွေး ကင်းသွားခဲ့လား။
  • ၂၀၁၉ ခုနှစ်အတွင်း သင်ဘယ်လောက်စုဆောင်းမိခဲ့သလဲ။
  • ၂၀၁၉ ခုနှစ်အတွင်း သင့်ရဲ့ ရင်းနှီးမြ့ပ်နှံမှု အကျိုးအမြတ် ဘယ်လောက် တိုးပွားလာခဲ့သလဲ။
  • ၂၀၁၉ ခုနှစ်အတွင်း သင်အလွန်အကျွံ သုံးစွဲခဲ့တာမျိုးရှိခဲ့သလား။ အဲ့ဒါဟာ ထိုက်တန်တဲ့ သုံးစွဲမှုမျိုးလား။

သင်ကိုယ်တိုင်ပဲ အရိုးသားဆုံးဖြေကြည့်ပါ။ သင်၏ တစ်နှစ်တာ ငွေကြေး အခြေအနေ အဖြေ အကြမ်းဖျဥ်း ပုံပေါ်လာပါလိမ့်မည်။ ထွက်လာသည့် အဖြေက သင်စိတ်ကျေနပ်ဖွယ် ရှိသည်ဆိုလျှင် နည်းလမ်းမှန်ဟု ယူဆကာ ထိုကောင်းသော နည်းလမ်းကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးပါ။ အကယ်၍ ဝင်ငွေထွက်ငွေ မမျှရုံသာမက အကြွေးများပင်တိုးကာ မည်သည့် ရင်းနှီးမြ့ပ်နှံမှုများမှ မလုပ်ခဲ့နိုင်လျှင် သင့်အတွက် အချိန်ပေးကာ ငွေကြေးစီမံရန် သေချာ အစီအစဥ် ရေးဆွဲသင့်နေပြီဖြစ်ပြီး ၂၀၂၀ တွင် ငွေကြေးအသုံးပြုမှု နည်းလမ်းမှားများကို ပြင်ဆင်သင့်နေပေပြီ။

ငွေကြေး ရည်မှန်းချက် နှင့် ချွေတာရေး ရည်မှန်းချက် ထားပါ

ငွေကြေးသုံးသပ်မှုလုပ်ပြီးလျှင် ရရှိလာသော အဖြေများအပေါ်မူတည်၍ ၂၀၂၀ အတွက် ရည်မှန်းချက်များ စတင်ပြင်ဆင် သင့်ပါသည်။ ရည်မှန်းချက်များ ပြင်ဆင် ရေးသားရာတွင် အသေးစိတ်ဖြစ်သော၊ သဘာဝကျသော နှင့် တိုင်းတာနိုင်သော ရည်မှန်းချက်များဖြစ်ရပါမည်။ ဥပမာအနေဖြင့် သင့်ရဲ့ ဝင်ငွေသည် တစ်လလျှင် ၉သိန်းကျပ် ဖြစ်လျှင် ၈သိန်းကို စုငွေအဖြစ်ထားမည်ဟု ရည်ရွယ်ချက်မထားသင့်ပေ။ ဒါသည် သဘာဝကျသော ရည်မှန်းချက်မဟုတ်ပေ။

ငွေစုရာတွင် ရာခိုင်နှုန်းတစ်ခု စုဆောင်းငွေအဖြစ် အရင်ဖယ်ထားသင့်ပြီး ကျန်ငွေကို သင့်ရဲ့ တစ်နေ့တာအသုံးစရိတ်၊ လမ်းခရီးစရိတ်၊ စားစရိတ်၊ အရေးပေါ်အသုံးပြု စရိတ်များ အဖြစ် ဖယ်ချန်၍ ထိုပမာဏထဲမှ တစ်လလုံး လုံလောက်အောင် အသုံးပြုခြင်းကို သဘာဝကျသော ချွေတာရေး ရည်မှန်းချက် ဟုဆိုသည်။ ငွေစုရန် အသေးစိတ်မကျသော၊ သဘာဝမကျသော စုဆောင်းမှု ပုံစံသည် သင့်ကို ကူညီရာမရောက်ပေ။ ချွေတာခြင်း၏ ရည်မှန်းချက်မှာ သင့်ကို ရည်မှန်းချက်ပြီးမြှောက်ခြင်း၏ ရလာဒ်အပေါ် ကျေနပ်အားရစေပြီး ငွေကြေးပိုင်းဆိုင်ရာ ယုံကြည်မှုရှိစေသည်။ စုဆောင်းထားငွေ ရှိသည်ဟူ၍ လုံခြုံသော စိတ်ခံစားချက် ရရှိမည်ဖြစ်သည်။

ဝင်ငွေတိုးပွားနိုင်မည့် နည်းလမ်းကိုရှာပါ

ဝင်ငွေတိုးပွားနိုင်မည့် နည်းလမ်းရှာရသည်မှာ ပြောသလောက်တော့မလွယ်ပေ။ သို့သော် နှစ်စဥ် သင့်ဝင်ငွေတိုးပွားရန် လုပ်ဆောင်ဖို့ ဖြစ်နိုင်ပါသည်။ အလုပ်ကြိုးစားခြင်းဖြင့် နည်းလမ်းကောင်းများကို ရှာနိုင်ပေမည်။ လက်ရှိလုပ်နေသော အလုပ်အပြင် သင်လုပ်နိုင်မည့် အခြား အချိန်ပိုင်းအလုပ်များတွင် သင့်အချိန်များကို ဝင်ငွေဖြင့် လှဲလှယ်နိုင်ပါသည်။

သေးငယ်သော အလုပ်လေးများပင် တစိုက်မတ်မတ်နှင့် လုပ်ခြင်းဖြင့် သင့်လုပ်အားမှ ဝင်ငွေသာမက အကျိုးအမြတ် ကောင်းများ၊ ဗဟုသုတကောင်းများ၊ အတွေ့အကြုံ အသိအညဏ်ကောင်းများ နှင့် အခွင့်အလမ်းကောင်းများကို ရရှိနိုင်ပေသည်။ ပုံမှန် လစာဝင်ငွေ တစ်ခုထဲကို မှီခိုနေသည် မဟုတ်ဘဲ အခြား ငွေတို ငွေစများ ဝင်နိုင်မည့် လမ်းကြောင်းများ ဖောက်ထား ဖွင့်ထားသင့်သည်။ ငွေကြေးစုဆောင်းခြင်း နှင့် ဝင်ငွေတိုးပွားအောင် လုပ်ဆောင်ခြင်းမှာ တစ်ကြိမ် တစ်ခါသာ လုပ်ရသော အလုပ်မဟုတ်ပေ။ သင့်ရဲ့ ဘဝနေထိုင်မှုတစ်ခုဖြစ်လာသည် အထိ အနစ်နာခံ ထိန်းချုပ် နေထိုင်တတ်ခြင်းပင်ဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top